မိမိရဲ့အဲဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ်မှာပြော ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဘန်ကီးမွန်းက ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အခုကျင်းပမဲ့ ရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပတာ ဖြစ်ပါတယ်။ လူအများ လေးစား ယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံရေး အကျဉ်းသားအားလုံး ရွေးကောက်ပွဲမတိုင်ခင် လွှတ်ဖို့ စစ်အစိုးရအပေါ် လူသိရှင်ကြား တောက်လျှောက် တောင်းဆို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ကျနော်ရဲ့ လေးနက်ခိုင်မာတဲ့ အမှာစကားဖြစ်သလို ဆက်လက်ပြီးတော့လည်း ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
ဒါအပြင် ပြီးခဲ့တဲလက ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေနဲ့ အနီးကပ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲဟာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ဖို့၊ ထင်သာမြင်သာ ဖြစ်ဖို့စတဲ့ အချက်တွေဟာ ကျနော်တို့အားလုံးရဲ့ ဦးစားပေးအချက်တွေ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီလကုန်ပိုင်းမှာ ကျင်းပတော့မဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကိစ္စကို ထပ်မံပြောဆိုမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။