ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး (၁၀) ဦးနှင့် လမ်းပြမြန်မာတစ်ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုး (၁၀)ယောက်ကို လမ်းပြအဖြစ် လိုက်ပါလာသူ မြန်မာတစ်ဦးနဲ့အတူ စက်တင်ဘာလ (၁၄) ရက်နေ့ ညက ဖမ်းမိတယ်လို့ သိရပါတယ်၊ မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။

မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။

“ဖြစ်တာကတော့ ကျွန်တော်တို့ ဒီ ကလေးမြို့ အပိုင်ပေါ့ဗျာ။ လေသာတောင်၊ ရေနံမှော်ဘက်မှာ မသင်္ကာစရာ လူတွေတွေ့တယ် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ လဝကနဲ့ သွားပြီးတော့မှ ပူးပေါင်းပြီးတော့မှ စစ်ဆေးတာပေါ့ဗျာ။ ၁၀ ယောက်ပါဗျာ။ အခု အဲဒီမှာသူတို့ လမ်းပြတစ်ယောက် ကျွန်တော်တို့ အဲဒါကိုတော့ စစ်ဆေးတုန်းပါပဲ။ မြန်မာလူမျိုးတော့ ဟုတ်တယ်ဗျ”

ဒေသတွင်း အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ အဆိုပါ ဆယ်ကျော်သက်အရွယ် လူ (၁၀) ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်လာသူဟာ မင်းကင်းမြို့နယ်၊ တောင်တွင်းကျေးရွာက ကိုစိန်ဝင်းဆိုသူ ဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။ RFA က ကလေးမြို့နယ် လဝကကို စုံစမ်းမေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိတစ်ဦးက အခုလိုပြောပါတယ်။

“သူတို့ကို တရားရုံးတင်ဖို့ အခုစစ်ဆေးနေတုန်းပါခင်ဗျ။ ဘင်္ဂါလီလူမျိုးများ ဟုတ်ပါတယ်”

ကလေးရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးကလည်း အဖမ်းခံရသူတွေဟာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြောင်း၊ သူတို့အနေနဲ့က အဲဒီလူတွေကို ယာယီထိန်းသိမ်းထားပြီး တရားရုံးတင်တာကိုတော့ လဝကကပဲ တရားစွဲဆို ဆောင်ရွက်မှာပါလို့လည်း ပြောပါတယ်။