ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။
"လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။ ဒီလိုမျိုး အကြမ်းဖက်နေတာတွေကို ရပ်တန့်ပေးဖို့အတွက် အဲဒါကို အချိန်ကြာကြာကြီး သံရုံးထဲမှာ ပြောဆိုနေကြတယ် အပြန်အလှန်လေ။ ဟိုက ပြန်ပြောတာက ထိုင်းနိုင်ငံမှာ ငါတို့ သံရုံး ရှိနေတာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ မဟုတ်ဘူးတဲ့။ နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးဖို့တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နက်ဖြန်ဆိုရင် ယူအင်န်ရုံးကို ဆက်သွားမယ်လေ။ ဗမာ ရဟန်းသံဃာတချို့နဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံက ရဟန်းသံဃာ အပါး ၂၀၀ ပေါ့။"
ဒီဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေကြတဲ့ မြန်မာသံဃာတွေ၊ ဘင်္ဂလားဒေ့ချ် နိုင်ငံက သံဃာတွေ ပါဝင်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံ ကော့စ်ဘဇား နဲ့ ရာမူး ခေါ် ပန်းဝါဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း (၁၁) ကျောင်းနဲ့ အနည်းဆုံး ဗုဒ္ဓဘာသာ လူနေအိမ် ၂၀ လောက် မီးရှို့ ဖျက်ဆီးခံရတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အစိုးရက တပ်အင်အား တစ်ထောင်နီးပါးလောက်နဲ့ ပန်းဝါ နဲ့ ကော့စ်ဘဇား ဒေသက ဗုဒ္ဓဘာသာဝင် ကျေးရွာတွေ ရပ်ကွက်တွေကို လုံခြုံရေး တင်းတင်းကြပ်ကြပ်ချပြီး အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်း ပြည်နယ်ဘက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
