နယ်ခြားပစ်ခတ်မှုကိစ္စ မြန်မာ သံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်

မြန်မာနဲ့ ဘင်္ဂလားေးဒ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ဆင့်ခေါ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်း ကင်းလှည့်နေတဲ့ မြန်မာနယ်ခြားစောင့် တပ်က မြန်မာရေပိုက်နက်ထဲ ရောက်ရှိနေတဲ့ စက်လှေတစ်စီးကို မေးမြန်းဖို့ခေါ်ယူရာမှာ တစ်ဘက်က စတင်ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ စက်လှေပေါ်ပါသူ ၃ ဦးထဲက ၂ ဦး ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် BGB တပ်ဖွဲ့ ယူနီဖောင်းဝတ်ထားသူတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးထဲက တစ်ဦး သေနတ်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖမ်းမိသူဟာ ဘင်္ဂလားဒေ့ရှ် အမှတ် ၄၂ BGB နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ငါးဖမ်းစက်လှေ နဲ့ ကင်းလှည့်ရင်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ထွက်လာတဲ့ စက်လှေ ၂ စီး နောက်ကိုလိုက်ရာ က မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို မနေ့က ဆင့်ခေါ်ခဲ့ပြီး၊ ဖမ်းဆီးထားသူ နယ်ခြားစောင့်တပ်သားကိုအမြန်ပြန်ပို့ပေးဖို့၊ ပစ်ခတ်မှုကိစ္စအတွက်ဆွေးနွေးကြ ဖို့ ပြောဆိုခဲ့ပါတယ်။

နှစ်ဘက်ဆွေးနွေးဖို့ မြန်မာဘက်ကို အကြောင်းကြားခဲ့ပေမဲ့ အခုထိ တစ်စုံတရာ မပြန်ကြားသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကတော့ မြန်မာနယ်ခြားစောင့် တပ်ဟာ အခမ်းအနားတစ်ရပ်ကျင်းပရေး အလုပ်များနေကြောင်း ပြောဆိုခဲ့တယ်လို့ Daily Star သတင်း ကဖေါ်ပြပါတယ်။