ဒုက္ခသည်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကိစ္စ မရောယှက်ဖို့ ဘင်္ဂလားဒေ့ရှ် ပြော


2015.06.24
bgb-620.jpg မြန်မာဘက်ကဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Nayek Abdur Razzak ကို တွေ့ရစဉ်
Photo: MOI

ကပ္ပလီပင်လယ်ပြင်က မြန်မာရေပိုင်နက်အတွင်း မြန်မာရေတပ်က တွေ့ရှိကယ်တင်ထားတဲ့ လှေစီးရွှေ့ပြောင်းသူ ငါးရာကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်လက်ခံမှ၊ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ကို ပြန်လွှဲပြောင်းပေးမယ်ဆိုတဲ့ မြန်မာဘက်က တောင်းဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေ က ဖေါ်ပြခဲ့ပါတယ်။ အဲဒီ့တောင်းဆိုချက်ကို လက်မခံပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဇွန်လ ၁၇ ရက်နေ့မနက်က နတ်မြစ်အတွင်း မြန်မာ့ရေပိုင်နက်ထဲမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ အဗ္ဗဒူ ရာဇက် ဆိုသူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးကို မြန်မာဘက်က ဖမ်းဆီးမိခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကတော့ လှေစီးဒုက္ခ သည်တွေကို ပြန်လက်ခံမှ အဗ္ဗဒူ ရာဇက် ကို ပြန်လွှတ်ပေးမယ်လို့ မောင်တောမြို့နယ် နယ်ခြားစောင့်တပ်မှူးက ကမ်းလှမ်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောဆိုကြောင်း သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ ကြပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ရာဇက်နဲ့ လှေစီးရွှေ့ပြောင်းသူတွေကိစ္စဟာ သီးခြားစီဖြစ်တာကြောင့် တောင်းဆိုချက်ကို လက်မခံခဲ့ဘဲ၊ ဒီကိစ္စပြေလည်ဖို့ နှစ်နိုင်ငံအလံတင်ဆွေးနွေးပွဲ ဆောင်ရွက်ဖို့ကိုသာ အဆိုပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တပ်မှူးက ရိုက်တာသတင်းကို ပြောဆိုပါတယ်။

ပြည်နယ် ပြည်ထဲရေးဝန်ကြီး Khan Kamal ကလည်း မနေ့က နှစ်နိုင်ငံ နယ်စပ်ပုံမှန်တွေ့ဆုံပွဲမှာ၊ မြန်မာက ဖမ်းဆီးထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လွှဲပြောင်းပေးရေးကိစ္စကိုပါ ထည့်သွင်းညှိနှိုင်းခဲ့ကြောင်း၊ ဒုက္ခသည်တွေကို မိမိတို့ နိုင်ငံသားတွေ ဟုတ်မဟုတ် ရာနှုန်းပြည့် စိစစ်ပြီးရင်၊ ခြွင်းချက်မရှိပြန်ခေါ်မယ်ဆိုတာ အကြိမ်ကြိမ် ပြော ဆိုပြီးဖြစ်ပါလျက်နဲ့ မြန်မာဘက်က ဒီကိစ္စနှစ်ရပ်ရောထွေးပစ်ကြောင်း၊ ဒါပေမဲ့ မိမိတို့ဘက်က ယဉ်ယဉ်ကျေးကျေး ရှင်းပြခဲ့တဲ့အတွက် ဒီကိစ္စကို ခွဲခြားဆောင်ရွက်ဖို့ မြန်မာဘက်က သဘောတူညီခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ bdnews24 ဘင်္ဂလားဒေ့ရှ်သတင်းက ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြာေးရးဝန်ကြီး ဦးရဲထွဋ်က ဒုက္ခသည်တွေပြန်ခေါ်မှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးမယ်ဆိုတာ မဟုတ်မှန်ကြောင်း ဘီဘီစီသတင်းကို ပြောဆိုခဲ့ပြီး၊ နှစ်နိုင်ငံအလံ တင်ဆွေးနွေးပွဲတွေ ပြီးတဲ့အခါ ပြန်ပို့မှာဖြစ်ကြောင်း၊ ဒါပေမဲ့ နေ့ရက်အတိအကျ မပြောနိုင်သေးကြောင်း ပြော ကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။