မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တနင်္လာနေ့က ပြန်ပို့လိုက်တဲ့ လှေစီးဒုက္ခသည် ၁၅၀ ထဲမှာ ရိုဟင်ဂျာ နှစ်ဦး ပါလာတာ တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် bd news သတင်းက ဖေါ်ပြပါတယ်။
မြန်မာ့ရေပိုင်နက်အတွင်းတွေ့ရှိခဲ့လို့ ရခိုင်ပြည်နယ်ကို ခေါ်ယူကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေ စိစစ်စစ်ဆေးပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် တွေ့ရှိခဲ့ရသူ ၁၅၀ ကို နယ်စပ်ကတဆင့် မူလနိုင်ငံကိုပြန်ပို့ခဲ့ပါတယ်။
မနေ့ကတော့ အဲဒီပြန်ပို့သူတွေထဲက နှစ်ဦးဟာ ရိုဟင်ဂျာတွေ ဖြစ်နေတယ်လို့ သိရတဲ့အတွက် လူမှောင်ခိုမှုနဲ့ ဖမ်းဆီးထားတယ်လို့ bd news သတင်းက ဖေါ်ပြပါတယ်။
ဖမ်းမိသူတွေဟာ အသက် ၂၆ နှစ် နဲ့ ၁၉နှစ်အရွယ် ရိုဟင်ဂျာတွေဖြစ်ကြပြီး၊ တစ်ဦးက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှာ မှတ်ပုံတင်ထားသူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက ပြောပါတယ်။
ဒုက္ခသည်စိစစ်ရေးလုပ်ငန်းကို လွန်ခဲ့တဲ့ တနင်္လာနေ့ညက ပြီးစီးခဲ့ပြီဖြစ်လို့ သူတို့နှစ်ယောက်ကို ရိုဟင်ဂျာတွေလို့ ဘယ်လိုထပ်ပြီး စိစစ်တွေ့ရှိခဲ့သလဲဆိုတာတော့ သတင်းမှာဖေါ်ပြမထားပါဘူး။
ဒိကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇားရဲတပ်ဖွဲ့ က ပြောပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ပေးပို့ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်းအပါအဝင် တခြားလိုအပ်တဲ့ အကူအညီတွေပေးမယ်လို့ ပါကစ္စတန်အစိုးရက မနေ့က ကြေညာပါတယ်။
အဲ့ဒီ စားနပ်ရိက္ခာတွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က တဆင့်ပေးပို့မှာဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ဝန်ကြီးချုပ် နဝပ်ရှရစ်က အတည်ပြုလိုက်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေ အတိဒုက္ခရောက်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ပါကစ္စတန်ရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ဝန်ကြီးချုပ် နဝပ်ရှရစ်က စာရေးသား တင်ပြမှာဖြစ်သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း စာရေးသားပေးပို့မယ်လို့ ဆိုပါတယ်။
ပါကစ္စတန် အထက်လွှတ်တော်ကလည်း ဇွန်လ ၁၂ ရက်နေ့ကို မြန်မာနိုင်ငံက မွတ်စလင်များ နဲ့ သွေးစည်းညီညွတ်ရေးနေ့အဖြစ် သတ်မှတ်သင့်ကြောင်း မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
