အဲဒီစည်းဝေးပွဲမှာ ၂ နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု၊ ဘဏ်လုပ်ငန်းတိုးမြှင့်ရေး၊ ဆန်၊ ဓာတ်မြေသြဇာ၊ လျှပ်စစ်စွမ်းအင်တင်ပို့ရေး၊ ရေကြောင်းဆက်သွယ်မှုနဲ့ ငါးလုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ကုန်သွယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရပါတယ် ။ ဒါ့အပြင် မြန်မာ-ဘင်္ဂလာဒေ့ရှ် ရထားလမ်း ဖောက်လုပ်ရေးကိစ္စကို ထည့်သွင်း ဆွေးနွေးမယ်လို့လည်း သိရပါတယ် ။
နှစ်နိုင်ငံ ကုန်သွယ်မှု နဲ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ ကားလမ်းနဲ့ ရထားလမ်း ဖောက်လုပ်ရေးကို ပိုပြီး အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ် ။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ဘင်္ဂလာဒေ့ရှ်နဲ့ တရုတ်ပြည် ဆက်သွယ်မဲ့ ရထားနဲ့ ကားလမ်းကို မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်ဖို့ မြန်မာစစ် အစိုးရက သဘောတူလိုက်ပြီလို့ မကြာသေးခင်က ထုတ်ဖော်ပြော ကြား ခဲ့ ပါတယ် ။
အဖွဲ့ဝင် ၁၈ ဦး ပါဝင်မဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်တင်က ဦးဆောင် မှာ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်ဖက်ကတော့ ကုန်သွယ်ရေးဝန်ကြီး ဂူလမ်ဟိုစိန်က ဦးဆောင်မှာပါ ။
ဆေးနဲ့ ဆေးပစ္စည်း သွင်းကုန်ထုတ်ကုန်ကဏ္ဍအတွက် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးဖို့ မြန်မာဖက်က တင်ပြခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလားအလာကတော့ မသေချာဘူးလို့ သိရပါတယ် ။
၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဘင်္ဂလာဒေ့ရှ်ဖက်က အမေရိကန် ဒေါ်လာ ၉၂ သိန်းဖိုး မြန်မာဖက်ကို ရောင်းချခဲ့ပြီး ၊ အမေရိကန်ဒေါ်လာ ၆၆ သန်းဖိုး မြန်မာဖက်ကနေ ပြန်လည် ဝယ်ယူ တင်သွင်းခဲ့တယ်လို့ သိရပါတယ် ။