ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း နစကနယ်မြေအမှတ် ၂ မှာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကနေ ကျူးကျော်ဝင်ရောက်လာသူ ၄ ဦးကို သေနတ်တစ်လက်နဲ့ ကျည်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၄ ဦးထဲမှ ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က မောင်တောမြို့နယ် သက်ကိုင်းညာကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကို လက်နက်၊ ကျည်ဆန်တွေနဲ့အတူ မနေ့က မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖောင်ဆိပ်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မင်္ဂလာညွှန့် စံပြကျေးရွာ ရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲအုပ်ဦးအေးထွန်းစိန်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် ဖမ်းမိတဲ့သေနတ်ကတော့ လုပ်သေနတ်ဖြစ်ပြီး အရှည် ၁၅ လက်မလောက်ရှိကြောင်း၊ ကျည်ဆန်တွေက အီတလီလုပ် အပြာရောင် ၄ တောင့်နဲ့ အမေရိကန်လုပ် အနီရောင် ၂ တောင့်ဖြစ်ကြောင်း သူကဆက်လက် ပြောကြားသွားပါတယ်။
ဖမ်းဆီးရမိတဲ့သူ ၄ ယောက်ထဲမှာ ၃ ဦးဟာ ရခိုင်ပြည်နယ်ထဲ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေထိုင်ခဲ့ဖူးသူတွေဖြစ်ပြီး ကျန် ၁ ဦးဖြစ်တဲ့ ကာမာဆိုတဲ့သူကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားခရိုင်မှာ နေထိုင်သူဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးတွေ့ရှိချက်အရ သူတို့အဖွဲ့မှာ လူဦးရေ ၁၁ ယောက်ပါရှိပြီး ကျန် ၇ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း အဲ့ဒီရဲအရာရှိက ပြောပါတယ်။
ဒီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က တစ်ဘက်ဘင်္ဂလားဒေ့ရ်ှကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်နယ်ဘက်ကို ဓားပြတိုက်ဖို့အတွက် ကျူးကျော်ဝင်ရောက်လာတာဖြစ်ပြီး မြန်မာဘက်က လုံခြုံရေးတွေ တိုးမြှင့်ချထားကာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တဲ့အတွက် အခုလို ဖမ်းဆီးရမိခဲ့ တာဖြစ်တယ်လို့လည်း အဲ့ဒီရဲအရာရှိကပြောပါတယ်။
