မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရ ရဲ့ ဆောင်ရွက်မှုအကျဉ်းချုပ် အစီရင်ခံစာတစ်စောင်ကို ဗြိတိန်ဓနသဟာယ နိုင်ငံခြားရေးရုံး FCO နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန DFID တို့ မနေ့က ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီ အစီရင်ခံစာမှာ နိုင်ငံခြားရေးရုံး အာရှဒေသ ဆိုင်ရာ ဒုတိယဝန်ကြီး Hugo Swire က ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာခဲ့တာနဲ့အမျှ၊ ဗြိတိန်အစိုးရကလည်း မြန်မြန်ဆန်ဆန်ပဲ ထိတွေ့ ဆက်ဆံတုန့်ပြန်ခဲ့ပါတယ်၊ အခုဆိုရင် နိုင်ငံခြားရေး ရုံး၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဗြိတိန်ကုန် သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ဗြိတိသျှကောင်စီတို့ဟာ ရန်ကုန်မြို့မှာ အခြေစိုက် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။
ဒါ့ပြင် မိမိရဲ့ ၂ဝ၁၂ နဲ့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ မြန်မာနိုင်ငံ ခရီးစဉ်တွေအတွင်း ဗြိတိန်အနေနဲ့ မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ့် အကြောင်း၊ ၂ဝ၁၄ ခုနှစ်ဟာ အခြေခံဥပဒေ ပြုပြင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတဲ့ မြန်မာ့အနာဂတ်ရေး ဆိုင်ရာကိစ္စတွေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့နှစ်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေ၊ ဘာသာလူမျိုး တင်းမာမှုတွေပြေလည်ဖို့လည်း ပူးပေါင်းဖြေရှင်း ကြရမှာဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ဗြိတိန်အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ပြည်နယ်က လူ့အသိုင်းအဝိုင်းနှစ်ရပ်အတွက် ၂ဝ၁၂ ခုနှစ် ကစပြီး အခုထိ ပေါင်စတာလင် ၁၂ သန်း ထောက်ပံ့ပေးခဲ့ပြီး၊ ၂ဝ၁၄ ခုနှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ပေါင်စတာလင် ၈ သန်း ထပ်မံထောက်ပံ့ဖို့ စီစဉ်ထားကြောင်းလည်း ဖေါ်ပြထားပါတယ်။
တနင်္လာနေ့ကတော့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ လူသားချင်း စာနာကူညီရေးအဖွဲ့တွေကို ပြန်လည်ဝင်ရောက် ခွင့်ပြုဖို့ အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Hugo Swire က မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုပြီး ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။
