ဒါဟာ နယ်စပ်ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့တစ်ခုအနေနဲ့ ပထမဆုံးအကြိမ် တရားဝင် သွားရောက် ကြည့်ရှုခွင့်ရတာ ဖြစ်ပါတယ်။
အရင်က ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို အစိုးရက နှစ်ပေါင်းအတော်ကြာ ပိတ်ပင်တားမြစ်ခဲ့တာပါ။
အခုလို ILO အနေနဲ့ တိုင်းရင်းသားဒေသတွေက အခြေအနေတွေကို ကိုယ်တိုင်လာရောက် ကြည့်ရှုခွင့် ရတာဟာ ကောင်းတဲ့လက္ခဏာ တစ်ခုအဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။
မတ်လတုန်းက ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နှစ်ဘက်သဘောတူ ချုပ်ဆိုခဲ့တဲ့ နားလည်မှု စာချွန်လွှာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ILO အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုချက်ဟာ တကယ့်ကို အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန် ILO ရုံးခွဲတာဝန်ခံ Steve Marshall က ပြောပါတယ်။
ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီးဌာနကနေ နယ်စပ်ဒေသက ILO ရဲ့လုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ Steve Marshall က ပြောပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံ ILO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေးရဖို့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ဖို့နဲ့ ကလေးစစ်သား ပပျောက်ရေးတွေမှာ ဆောင်ရွက်ပေးနေပြီး ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေပါတယ်။
