တိုက်ပွဲကြောင့် ကျောက်မျက် လုပ်ငန်း နစ်နာ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ် ပွားခဲ့တာကြောင့် ကျောက်စိမ်းတင်ပို့မှု ကျဆင်းသွားခဲ့ရတယ်လို့ အစိုးရကပြောဆိုကြောင်း နေး ရှင်းသတင်းစာက ဖေါ်ပြပါတယ်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ ရဲ့ ကျောက်စိမ်းတင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ကျော်ရုံသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကထက် ဒေါ်လာ ၁၆၇ သန်း လျော့နည်း သွားခဲ့ပါတယ်။

အဲဒီလိုလျော့နည်းသွားရတာဟာ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ကျောက်စိမ်းတွင်းလုပ်ငန်းတွေ ထိခိုက်ခဲ့ရတဲ့အပြင်၊ ငွေလဲနှုန်းကျဆင်းသွားခဲ့တာ ကလည်း အကြောင်းတစ်ခုဖြစ်တယ်လို့ မြန်မာ့ကျောက် မျက်လုပ်ငန်းအသင်း တွဲဘက်အတွင်းရေးမှူး ဦးထွန်လှအောင်က ပြောဆိုကြောင်း နေးရှင်းသတင်းစာက ဖေါ်ပြပါတယ်။

မြန်မာ့ကျောက်စိမ်းကို တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံတွေက အဓိကဝယ်ယူနေကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ KIA နဲ့ အစိုးရစစ်တပ်ကြား ၂၀၁၁ ခုနှစ်ကစလို့ တိုက်ပွဲတွေ ပြန်လည်အရှိန်မြင့်လာခဲ့တာ ဟာ ကျောက်စိမ်းတွင်းတွေနဲ့လည်း ပတ်သက်မှုရှိတယ်လို့ နေးရှင်းသတင်းကဆိုပါတယ်။ အဲဒီ့ကတည်းက တရားဝင်ကျောက်စိမ်းအရောင်းပမာဏ ကျဆင်းလာခဲ့ပြီး၊ တရုတ်ပြည်တွင်းကို မှောင်ခိုထုတ်တဲ့ပမာဏ က မြင့်တက်လာခဲ့ပါတယ်။

အမေရိကန် ဟားဘတ်တက္ကသလိုလ် Ash Center ရဲ့ ၂၀၁၃ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့လေ့လာချက်တစ်ခုအရ ၂၀၁၁ ခုနှစ်အတွင်း မြန်မာ့ကျောက်စိမ်းအရောင်းပမာဏ ဒေါ်လာ ၈သန်းပေါင်း ၈ ထောင်ရှိခဲ့တယ်လို့ သိရပါတယ်။