ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ ဖေဖော်ဝါရီ ၆ ရက် မနေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၂ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရွာထဲမှာလက်နက်ကြီး ကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အိမ်သုံးလုံး ပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မန်စီမြို့နယ် အုပ်ချုပ်ရေးမှူးက RFA ကို အခုလိုပြောပါတယ်။

"ပစ်တာကတော့ မနေ့ကမနက် ၈ နာရီခွဲကနေ ၁ နာရီအထိ ပစ်တယ်ပေါ့၊ တစ်ယောက်တော့ နည်းနည်းတော့ ထိတယ်လို့တော့ပြောတယ်၊ ဟိုဒဏ်ရာကြီးတာတော့ မရှိဘူးပေ့ါ၊ အိမ်သုံးလုံး ထိတယ်လို့တော့ကြားတယ်၊ ကောင်လွင်ရွာက လူတွေကတော့ ဟိုအရင်တစ်ခေါက် ကတော့ ကြောက်လန့်စိုးရိမ်လို့ရှောင်တာ၊ ဒီတစ်ခေါက်တော့ ရွာထဲက အဆင်ပြေတဲ့နေရာလေးတွေမှာ ပုန်းခိုတယ်ပေါ့၊ ဘုန်းကြီးကျောင်းတို့ နောက်သင့်တော်တဲ့အိမ်တို့ပေါ့ဗျာ၊ လုံခြုံမယ့်နေ ရာလေးတွေတော့ စုပြီးတော့ ပုန်းတာပေါ့ဗျာ"

တရုတ်နိုင်ငံသားတွေပါဝင်တဲ့ တရားမဝင် သစ်မှောင်ခိုအဖွဲ့တွေကို လိုက်လံရှာဖွေရာကနေ တိုက်ပွဲဖြစ်တာလို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

နှစ်ဘက်တပ်တွေက အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ စစ်သားတွေ ထိခိုက်တာတော့ ဘာမှမရှိပါဘူး၊ ရန်သူဘက်က ကျနော်တို့ နေရာချထားတဲ့ဟာတွေကို နည်းနည်းရှင်းချင်တဲ့သဘောရှိတယ်၊ နှစ်ဘက်စလုံးက တင်းမာတဲ့သဘောတော့ရှိတယ်"

ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့တုန်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။