ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်မှာ ဒီရက်ပိုင်းတွေအတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်တွေကိုစွန့်ခွာပြီး အနီးနားပတ်ဝန်းကျင်က မြို့နဲ့ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကွန်ဟိန်းမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ဝိမ်းဖီး၊ ပိန်းနေနဲ့ လုံဝိုင်စတဲ့ ကျေးရွာတွေက ရာနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ကွန်ဟိန်းမြို့၊ ကာလိမြို့နယ်ခွဲနဲ့ အနီးနားကကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFA ကို အတည်ပြု ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်နေ့ကစလို့ ကွန်ဟိန်းမြို့နယ်အတွင်း အစိုးတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်တွေအကြား ၈ ကြိမ်ထက်မနည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မနေ့ကတော့ ကျိုင်းလုံးကျေးရွာအုပ်စု ဝိမ်းဖီးကျေးရွာနားမှာ တိုက်ပွဲတွေ တနေကုန်နီးပါးဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကွန်ဟိန်းမြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆာင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းထံကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဒေါ်နန်းဝါနုက ပြောပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အနေနဲ့ ၂ဝ၁၂ ခုနစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီနောက်ပိုင်း အစိုးရတပ်တွေနဲ့ RCSS /SSA တို့အကြား တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။