BBC သတင်းထောက် ကိုနေလင်းကို ပြည်သူ့ဝန်ထမ်းနာကျင်စေမှု ပုဒ်မ ၃၃၂ နဲ့ ပြစ်မှုထင်ရှားတယ်လို့ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တရားရုံးက ဒီနေ့ဆုံးဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။
တရားလိုဘက်က သက်သေတွေရဲ့ အထောက်အထား ခိုင်လုံတယ်လို့ တရားသူကြီးက ဆုံးဖြတ်ပြီး ထောင်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း ကိုနေလင်းရဲ့ဇနီး မဇာနည်မာန် က RFA ကိုပြောပါတယ်။
"ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် နာကျင်စေမှုပေါ့နော်၊ အဲ့ဒီအတွက် သူကပြစ်မှုထင်ရှား တယ်ဆိုပြီး တရားလိုပြသက်သေ ၄ ယောက်က တညီတညွှတ်တည်း ဒဏ်ရာရတယ်ဆိုတဲ့ဟာ ထွက်ဆိုခဲ့ တယ်၊ နောက်ပြီးတော့ ခံရတဲ့ ဒုတပ်ကြပ် ဘမော် ကလည်း သူဒဏ်ရာရတယ်ဆိုတာ ဆေးစာတွေပါ တယ်ပေါ့နော်၊ အဲ့ဒါကြောင့် ပြစ်မှုထင်ရှားတယ်ဆိုပြီး အမိန့်ချတာရှင့်"
မနှစ်က မတ်လ ၂၇ ရက်နေ့မှာ မန္တလေးကျောင်းသားတွေက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အပြင် ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေပြန်လွှတ်ပေးဖို့ မော်တော် ဆိုက်ကယ်တွေနဲ့ ချီတက်ကြရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ကျောင်းသားနှစ်ယောက်ရဲ့ မော်တော်ဆိုက်ကယ်ကို ဆွဲလှဲလိုက်လို့ အဲ့ဒီကျောင်းသားတွေလမ်းပေါ် လဲကျသွားပါတယ်။
အဲ့ဒီအချိန်မှာ ကိုနေလင်းကလည်း မော်တော်ဆိုက်ကယ်နဲ့ သတင်းလိုက်ယူနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ရဲနဲ့ကျောင်းသားတွေ အပြန်အလှန်ပြောဆို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ကျောင်းသားတွေ ရဲ့ မော်တော်ဆိုက်ကယ်ကို ဆွဲလှဲလိုက်တဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်ဘမော်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ အဲ့ဒီလိုဒဏ်ရာရတာဟာ ကိုနေလင်းက ထိုးကြိတ်လိုက်လို့ဆိုပြီး ရဲဘက်က အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကိုနေလင်းရဲ့ဇနီး မဇာနည်မာန်က အဲ့ဒီရဲတပ်ဖွဲ့ဝင်ကို တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်လို့ သတင်းထောက် ကိုနေလင်းရဲ့ မော်တော်ဆိုက်ကယ်ရှေ့ကို ရုတ်တရက်ရောက်လာတဲ့အတွက် ပြန်တွန်း လိုက်တာသာဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်အတွက် တရားခံ ကိုနေလင်း ဘက်ကသက်သေတွေရဲ့ ထွက်ဆိုချက် မခိုင်မာဘဲ၊ တရားလို ရဲတပ်ဖွဲ့တွေဘက်က သက်သေခိုင်လုံတဲ့အတွက်လို့ တရားသူကြီးကဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ် လိုက်တာဖြစ်ပါတယ်။
