လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဌာန်းဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ Ben Rhodes က ဒီနေ့ ပြောလိုက်ပါတယ်။
အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးရာ အကြံပေး ဒုတိယ အြကီး အကဲြဖစ်သူ မစ္စတာ Ben Rhodes ဟာ ဒီနေ့ အမေရိကန် သံအမတ် အိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။
အဲဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ ရွေးချယ် တင်မြှောက်လိုသူတွေကို ရွေးချယ်ပိုင်ခွင့်ရှိပြီး လူသားတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကိုလည်း အမြဲတမ်း အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လတ်တလော ခြိမ်းခြောက်နေတာကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက မြို့တချို့မှာဖြစ်ခဲ့တဲ့ဘာသာရေး ဆန်ဆန် ပဋိပက္ခတွေပဲဖြစ်တယ်လို့ သတိပေးလိုက်သလို အဲဒီလို ပဋိပက္ခတွေဖြစ်အောင် လူတချို့က နောက်ကွယ်ကနေ လှုံ့ဆော်နေတာတွေရှိနေတယ်လို့ လည်း ပြောပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရဟာ အဲဒီလို ပဋိပက္ခတွေမဖြစ်အောင် အလေးအနက်ထား ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အမုန်းတရားတွေပွားစေတဲ့ ပြောဆိုရေးသားမှုတွေမှာ လွဲမှားစွာ အသုံးချခဲ့ကြကြောင်း၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေ အတူ ယှဉ်တွဲနေထိုင်နိုင်ရေးစတဲ့ လုပ်ငန်းစဉ်တွေမှာ အမေရိကန် အစိုးရအနေနဲ့ ကူညီသွားမှာဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားရဲ့ အကြံပေးအရာရှိက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
မတူကွဲပြားတဲ့အမြင်တွေ သဘောထားတွေကို ြငိမ်းချမ်းစွာ စကားပြောဖြေရှင်းတဲ့ နည်းလမ်းတွေကို လေ့ကျင့်ယူကြဖို့ လိုအပ်ကြောင်းကိုလည်း အလေးအနက်ထား ပြောသွားခဲ့ပါတယ်။
သမ္မတ အိုဘားမားရဲ့အကြံပေး မစ္စတာ Ben Rhodes ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။