ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ ဘာကလေတက္ကသိုလ်မှာ လူ ၉၀၀ တက်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စံတော်ချိန် ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်မဲ့ ဒီဟောပြောပွဲအတွက် တက်ရောက်နိုင်ဖို့ စာရင်းပေးထားသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၀၀ ကျော် ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဘာကလေတက္ကသိုလ် မြန်မာယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာသင်တန်း အစီအစဉ်တရပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်လောက် ဟောပြောမှာ ဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားမှာ ဖြစ်တယ်လို့ ဘာကလေတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ဆည်းပူးနေသူ ကိုမင်းဇင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခုလို ပါဝင်မယ်ဆိုတာ သိတဲ့အခါကျတော့ သူတို့က ဒီ သင်တန်းကိုပေါ့နော်၊ စာသင်ခန်းကို အားလုံး တက်ရောက်နိုင်တယ် ဆိုပြီးတော့ ဖွင့်ပေးလိုက်တယ်။ အဲလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော် သိသလောက်ဆိုရင် လူပေါင်း ၉၀၀ ကျော်လောက် တက်ပြီးတော့ နားထောင်မယ်လို့ ဖြစ်လာတဲ့အခါကျတော့ နဂိုတုန်းက ရှိတဲ့ စာသင်ခန်းနဲ့တောင်မှ မဆန့်တော့လို့ တကယ်ကို အင်မတန်မှ ကြီးတဲ့ စာသင်ခန်းတခုကို ငှားထားရတယ်။ လူပေါင်း ၉၀၀ ကျော် တက်မယ်လို့ စာရင်းပေးထားတဲ့ အပြင် အွန်လိုင်းကနေပြီးတော့ပေါ့နော်၊ အင်တာနက်ကတဆင့် တိုက်ရိုက်ကြည့်မဲ့ လူတွေလည်း ရှိပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးက မြန်မာနိုင်ငံအရေး၊ အာရှအရေး စိတ်ဝင်စားတဲ့ ပါမောက္ခတွေ၊ ကျွမ်းကျင်သူတွေ၊ သုတေသီတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်ဟာ ကမ္ဘာကျော် ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။