အစိုးရကရေးဆွဲထားတဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖေါ်ပြလိုက်ပါတယ်။
အဲ့ဒီဥပဒေကြမ်းမှာ အိမ်ထောင်ရှင်မတစ်ဦးဟာ ကလေးတစ်ယောက်မွေးဖွားပြီး နောက်ထပ် ကလေး တစ်ယောက်ကို အနည်းဆုံး ၃ နှစ်ကြာပြီးမှ မွေးဖွားရမယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျော့ကျပြီး လူနေမှုဘဝမြင့်မားဖို့အတွက် ရည်ရွယ်ပြီး လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒီဥပဒေကြမ်းကို ရေးဆွဲ တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဥပဒေကြမ်းမှာ လူဦးရေတိုးမြင့်နေတာနဲ့ ကလေးမွေးဖွားနှုန်း မြင့်တက်နေတာကို ထိန်းညှိဖို့အတွက် သားဆက်ခြားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အသိပညာပေးတာတွေ ပြုလုပ်မှာဖြစ်တယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံအတွင်းက လူဦးရေများတဲ့ဒေသ၊ ကလေးမွေးဖွားမှု နှုန်းမြင့်နေတဲ့ဒေသ၊ မိခင်နဲ့ကလေးသေဆုံး မှု နှုန်းမြင့်မားတဲ့ဒေသ၊ လူဦးရေနဲ့သယံဇာတ အချိုးညီမျှမှုမရှိတဲ့ဒေသ၊ စားနပ်ရိက္ခာမလုံလောက်တဲ့ ဒေသတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက စာရင်းကောက်ယူပြီး လူဦးရေတိုးပွားနှုန်းထိန်းညှိဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရမယ့် အထူးဒေသအဖြစ် အမိန့်ကြေငြာချက်ထုတ်ပြန်သတ်မှတ်မှာဖြစ်ပါတယ်။
အစိုးရကရေးဆွဲထားတဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းဟာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ပြဌာန်းပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ ၄ခုထဲက တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာအခုလို လူဦးရေးတိုးပွားမှုနှုန်းထိန်းချုပ်တဲ့ ဥပဒေမျိုးပြဋ္ဌာန်းဖို့ ဖြစ်လာတာနဲ့ပတ်သက်ပြီး ဥပဒေ ပညာရှင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတရဲ့ညွှန်ကြားချက်နဲ့ ရေးဆွဲနေတဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့က လွှတ်တော်ကို တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ တစ်လင်တစ်မယားစနစ်ကို ကျူးလွန်ဖောက်ဖျက်သူအနေနဲ့ ဥပဒေပုဒ်မ ၄၉၅ အရ ပြစ်မှုကျူးလွန်တယ်လို့ မှတ်ယူမှာဖြစ်ပြီး နှစ်ဦးပိုင်ပစ္စည်းနဲ့ပတ်သက်ပြီးလည်း အခွင့် အရေးဆုံးရှုံးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဥပဒေပြဌာန်းချက်အပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေ ကို ဒေါ်ခင်ခင်အိက တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
