လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကိုအကြမ်းဖက်ဖြိုခွင်ပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မကွေးမြို့ နည်းပညာ တက္ကသိုလ်မှာ ကျောင်းသား ၈၀ ကျော်က အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်ခဲ့ကြပါတယ်။
မကွေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက စာမေးပွဲခန်းထဲကို အနက်ရောင်လက်ပတ်တွေ ဝတ်ဆင်ပြီး သွားရောက်ဖြေဆို တာဖြစ်တယ်လို့ မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖဲ့ွ ဒုတိယ ဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောပါတယ်။
"၄ ပွင့်ဆိုင်မှာတည်းက ကျောင်းသားသပိတ်နဲ့ ပတ်သက်တဲ့မည်သူ့ကိုမျှ အရေးယူခြင်း မပြုရဆိုတာပါပြီး သား၊ ဒီအချက်ကိုမှ သူတို့ကလုပ်တယ်ဆိုတော့ အစိုးရအနေနဲ့ လုံးဝ ကတိမတည်တာကိုပြတယ်၊ နောက် တစ်ခုက ကျနော်တို့အနေနဲ့ လုံးဝလက်မခံကြောင်း ကိုပြတယ်၊ ရုံးထုတ်ခံရတဲ့ကျောင်းသားတွေ ရဲ့နောက်မှာ ကျနော်တို့ကျောင်းသားထုကြီး ရှိနေတယ်ဆိုတာကို ပြတဲ့ပုံစံမျိုးဖြစ်တယ်၊ တချို့ကျောင်းသားတွေက မသိဘူးဗျ၊ မသိတဲ့ကျောင်းသားတွေ ရှိနေသေးတယ်၊ ကျနော်တို့ဒီလို လုပ်လိုက်ခြင်းအားဖြင့် ပြည် သူရော၊ ကျောင်းသားရော ဒီပေါ်မှာ အာရုံစိုက်မှုကိုရလာစေမယ်၊ ပိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု အသိနဲ့ အစိုးရက ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတဲ့ အခြေ အနေတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်"
အနက်ရောင်လက်ပတ်လှုပ်ရှားမှုကို ပါမောက္ခချုပ်ထံ အသိပေးလုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။
မကွေးနည်းပညာတက္ကသိုလ်မှာ ဒီလ ၂၃ ရက်နေ့ကစပြီး ဧပြီလ ၄ ရက်နေ့အထိ စာမေးပွဲဖြေဆိုတာဖြစ်ပြီး အနက်ရောင်လက်ပတ်ဝတ်ဆင်မှုကို နေ့စဉ်ပြုလုပ် သွားမှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောကြပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
