၂၇ နှစ်မြောက် တံတားနီနေ့ အထိမ်း အမှတ် အောက်မေ့ဘွယ်အခမ်းအနားကို ရန်ကုန် မြို့ ပြည်လမ်းမပေါ်က တံတားဖြူအနီး အင်းလျား ကန်ဘောင်မှာ ဒီနေ့ညနေက ကျင်းပခဲ့ပါတယ်။
တံတားနီနေ့အခမ်းအနားမှာ လက်ရှိဖမ်းဆီးခံ ထားရတဲ့ ကျောင်းသူ ကျောင်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုဗသက်အောင်က ပြောပါတယ်။
"ဒီနေ့ကျတော့ တဆက်တည်းပေါ့ဗျာ လက်ပံတန်း အရေးမှာ ဖမ်းဆီးထားတဲ့ ကျောင်းသူကျောင်းသားတွေ အတွက်ကိုလည်း၊ ကျနော်တို့ဝန်းရံတဲ့လူတွေကိုလည်း ၈၈ တုန်းက ဒီလိုမျိုး ဒီမှာဖြစ်ခဲ့ဘူးတဲ့ဟာတွေကို အစိုး ရအနေနဲ့ သင်ခန်းစာယူပြီးတော့ ပြန်လည်ပြီးတော့ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်၊ နောက်ပြီးဒီကိစ္စမှာ တာဝန်ခံတဲ့လူကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့လည်း တောင်းဆိုပါတယ်"
လွန်ခဲ့တဲ့ ၂၇ နှစ်၊ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျောင်းသူ ကျောင်းသားတွေ ပူးပေါင်းပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကို သွားရောက်ကြစဉ် တံတားဖြူအလွန်မှာ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသူ ကျောင်းသားတွေကို လမ်းပိတ်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ တံတားနီနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တံတားနီအရေးအခင်းမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်းကို အာအက်ဖ်အေ သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။
