လှေစီးဒုက္ခသည်တွေ ကူညီရှာဖွေဖို့ အမေရိကန်ကင်းထောက် ယာဉ်တွေစေလွှတ်

အရှေ့တောင်အာရှ အနောက်ပိုင်းရေပြင်မှာ မျောပါနေတဲ့ ဒုက္ခသည်စက်လှေတွေကို ကူညီရှာဖွေဖို့အတွက် အမေရိကန်ပြည်ထောင်စုက ပင်လယ်ပြင် ကင်းထောက်လေယာဉ်တွေကို စေလွှတ်မယ်လို့ သိရပါတယ်။

ပြဿနာ ဖြစ်ပွားနေတဲ့ဒေသကို မိမိတို့လေယာဉ်တွေ စေလွှတ်ဖို့ပြင်ဆင်နေပြီလို့ ပင်တာဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Jeffrey Pool က AP သတင်းဌာနကို မနေ့က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ပင်လယ်ပြင်မှာ မျောပါနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကယ်တင်ဖို့နဲ့၊ ဒုက္ခသည် ပြဿနာအရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်လွှတ်တော်အမတ်တွေက တောင်းဆိုထားကြတာပါ။

တကယ်လို့ လိုအပ်မယ်ဆိုရင် ဝေဟင်ကနေ စောင့်ကြည့်တဲ့အစီအစဉ်နဲ့ အမေရိကန်ရေတပ် သင်္ဘောတွေ ချထားဖို့လည်း အမေရိကန်လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။