မသင်္ကာဖွယ်ပစ္စည်းတွေ့ရင် တပ်ကို သတင်းပို့ရန် နှိုးဆော်

ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာတွေမှာ ဗုံး လို့ယူဆနိုင်တဲ့ မသင်္ကာစရာ ပစ္စည်း တွေ့ရှိခဲ့ရင် တပ်မတော် အင်ဂျင်နီယာ B.E တပ်ကို အကြောင်းကြား သတင်း ပေးကြဖို့ ရန်ကုန်မြို့ တချို့ရပ်ကွက်တွေမှာ သက်ဆိုင်ရာက ဆိုင်းဘုတ်တွေ ကပ်ထားတယ်လို့သိရပါတယ်။

အဲဒီလို မသင်္ကာစရာ ပစ္စည်းတွေကို တွေ့ရင် မော်တော်ကား တာယာတွေနဲ့ ဖုံးအုပ်ထားပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်း နဲ့ တပ်မတော် မိုင်းရှင်းလင်း ရေး (B.E) တပ်ကို အချိန်မီ သတင်းပေး ပို့ ကြဖို့ တယ်လီဖုံး နံပါတ် တွေကိုပါ မြင်သာအောင် ကပ်ထားတယ်လို့ ရန်ကုန် မြို့ခံတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် မစခင် ရက်ပိုင်းမှာပဲ ရန်ကုန်မြို့က နေရာ တချို့မှာ ဗုံးပေါက်တယ်ဆိုတဲ့ ကောလ ဟလ သတင်းတွေ ထွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မယ်ဆိုတဲ့အပေါ် ခြောက်လှန့်တဲ့သဘောလို့ ရန်ကုန်မြို့ဒေသခံတဦးက ပြောပါတယ်။ မြေနီကုန်း၊ ကမာရွတ် တွေမှာ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ သွားရောက်ကြည့်ရှုရာမှာ မဟုတ်မှန်ကြောင်း တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မန ္တလေးမြို့အနှံ့မှာ ဗုံးလန့်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ကြောင်း မန္တလေး အရှေ့မြောက် မြို့နယ် NLD ဥက္ကဌ ဦးကိုကိုလေးက ပြောပါတယ်။ အရင်လအတွင်းက နေပြည်တော် အပြင် ရန်ကုန်၊ မန္တလေး၊ နဲ့ ပြင်ဦးလွင် မြို့တွေမှာ ဗုံးပေါက်ကွဲခဲ့တဲ့ နောက်ပိုင်း အခုလို ဗုံးလန့်တဲ့သတင်းတွေ ပေါ်ထွက်လာတယ်လို့သိရပါတယ်။