အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာသံရုံးကို ဒီနေ့ သောကြာနေ့မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူနှစ်ဦးကို အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က မနေ့ညက ကြိုတင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မော်တော်ဆိုင်ကယ်အနောက်မှာ ကွယ်ဝှက်သယ်ဆောင်လာတဲ့ ရေပိုက်နဲ့လုပ်ထားတဲ့ ဗုံး ၅ လုံး နဲ့အတူ အသက် ၂၈ နှစ်အရွယ် ဆီဖာ ရီယာနိုး (Sefa Riano) ဆိုသူနဲ့ အသက် ၂၁ နှစ်အရွယ် အာမက် တော်ဖစ် (Ahmad Taufik) ဆိုသူနှစ်ဦးကို ဖမ်းလိုက်တာလို့ အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲချုပ် Boy Rafi Amar က ပြောပါတယ်။
အဲဒီလူနှစ်ဦးထဲက တစ်ဦးရဲ့ ဇနီးလို့ယူဆရသူ အမျိုးသမီး ၁ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။
ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဘာသာရေးအစွန်းရောက်တွေက မြန်မာနိုင်ငံမှာ ဘာသာရေးစစ်ပွဲဆင်နွှဲဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခု ဒီနေ့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
Islamic Defenders Front ခေါ် အစ္စလာမ်ကာကွယ်ရေးတပ်ဦးက ဘာသာရေး အစွန်းရောက်တစ်ထောင်လောက် မြန်မာသံရုံးရှိရာကို ချီတက်ဆန္ဒပြခဲ့တာပါ။ သူတို့ဟာ ဗုဒ္ဓဘာသာ မြန်မာဆန့်ကျင်ရေးလှုံ့ဆော်တဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရပ်တန့်ရေးကြွေးကြော်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ ဆန္ဒမပြခင်ကတည်းက မြန်မာသံရုံးနဲ့ သံအမတ်ကြီး နေအိမ်လုံခြုံရေးအတွက် ရဲအင်အား နှစ်ထောင်လောက်ချထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဲဒီသံရုံးရှိရာ နယ်မြေဝန်းကျင်တဝိုက်ကို သွားလာခြင်းမပြုဖို့ သတိပေးထားတယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံမှာ မူဆလင်တွေနဲ့ အဓိကရုဏ်းဖြစ်လာခဲ့တဲ့နောက်ပိုင်း ရိုဟင်ဂျာတချို့ အင်ဒိုနီးရှားကို ထွက်ပြေးရောက်ရှိလာကြသလို၊ ဒီပြဿနာနဲ့ပတ်သက်လို့လည်း အင်ဒိုနီးရှားက မူဆလင်တွေကြားမှာ ဒေါသထွက်စရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လူတစ်ယောက် အသေခံဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားမှုဖြစ်ပွားခဲ့သလို၊ ဇူလိုင်လအတွင်းကလည်း ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ မူဆလင်အစွန်းရောက်တွေ ရာနဲ့ချီပြီးဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က အင်ဒိုနီးရှားလူဝင်မှု အကျဉ်းစခန်းထဲမှာ မြန်မာတချို့ အသတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံက ဘာသာရေးအသွင်ဆောင်နေတဲ့ ပဋိပက္ခကြောင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ထိခိုက်မှုမရှိအာင် နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ ပြောဆိုသုံးသပ် တိုက်တွန်းချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
