နေပြည်တော်၊ မန္တလေး နှင့် ပြင်ဦးလွင်မှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါး

နေပြည်တော်မြို့၊ မန္တလေးမြို့နဲ့ ပြင်ဦးလွင် (မေမြို့) တို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပါွးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မွန်းတည့် အချိန်လောက်မှာ မန္တလေး ဈေးချိုအနီးမှာ ဗုံးပေါက်ကွဲခဲ့ရာမှာ ကားတစ်စင်း ပျက်စီးသွားတယ်လို့ အစိုးရ အရာရှိ တဦးက ပြောပါတယ်။

သေဆုံး ထိခိုက်မှု အတိအကျ ကိုတော့ အစိုးရက ထုတ်ပြန်တာ မရှိသေးပေမဲ့ ဒေသခံတဦး အဆိုအရ ၂ ဦး သေဆုံးတယ်လို့ဆိုပါတယ်။ "ကားကတော့ စက်ကို ဗုံးထောင်သွားတာလို့ပြောတယ်။ ကားကလည်း မဲချိတ်ပြီးတော့ တွန်းလှည်းတွန်းတဲ့ သူနှစ်ယောက်သေတယ်။ မိန်းမတယောက်ကတော့ ပေါင်ကွဲပြီးတော့ ဆေးရုံတက်ရတယ်။ အနည်းအကျဉ်း ခေါင်းလေးပေါက်တာတို့ လက်ထိသွားတာတို့ အဲလို မှန်စလေးတွေထိတာလောက်ပဲရှိတယ်။ ဈေးချိုဟိုတယ်တခုလုံး မှန်တွေအကုန်လုံးကွဲသွားတယ်၊ ဟိုဘက်ခြမ်းက အဆောင်(၁)ကတော့ မှန်တွေပဲထိခိုက် သွားတယ်။ ဒီဈေးချိုကတော့ အရှေ့ခြမ်းကော အနောက်ခြမ်းကော မှန်တွေကွဲကုန်တာ ဈေးချိုဟိုတယ်မှာရှိတဲ့ အဲယာကွန်းတွေကအစ အကုန်လုံး မီးထဲပါသွားတာပေါ့နော်။" အာအက်ဖ်အေက ပေါက်ကွဲ မှုဖြစ်တဲ့နယ်မြေ အပိုင် အမှတ် (၈)ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲဝန်ထမ်းက အခုလို ပြောပါတယ်။ "အဲဒါကတော့ လောလောဆယ် ဒီမှာ (၂)ဦးပဲရှိတယ်။ သေတယ်ဆိုတာတော့ အဲလိုတော့ မကြာဘူးနော် ကျနော်တို့ ဂဃနဏသိရမှ ကျနော်တို့ အဆင်ပြေမှာ ဘာဖြစ်လို့တုန်းဆိုတော့ အခုဟာ မသဲကွဲသေးဘူး သတင်းပို့တာ ဟိုက တဖွဲ့ ဒီကတဖွဲ့ပို့နေတာတွေဆိုတော့။" နေပြည်တော် သပြေကုန်းဈေး အနီး ဗုံးပေါက်ကွဲမှု နဲ့ ပြင်ဦးလွင်မြို့ ပေါက်ကွဲမှုတွေမှာတော့ လူသူ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်၊၊ သပြေကုန်းရပ်ကွက်က ဒေသခံတဦးက ပေါက်ကွဲမှုဖြစ်ပုံနဲ့ ပတ်သက်ပြီး အာအက်ဖ်အေကို အခုလို ပြောပါတယ်။ "အေး ဟုတ်တယ်။ ဈေးမဟုတ်ဘူး။ အိမ်တလုံးမှာ ဖြစ်တာ။ သပြေကုန်းဈေးနားပဲ။ ဆေးခန်းနဲ့နီးတယ် အိမ်ကတော့ တော်တော်ပျက်စီးသွားတယ်။ အားတော့ နည်းနည်းပြင်းတယ်တဲ့။ အမိုးတွေ ဘာတွေ ပွင့်သွားတာပေါ့။ တချို့လည်း မသိကြသေးဘူး။ တချို့လည်း သိတာပေါ့။ ၁၂ နာရီလောက်ကဖြစ်တာဆိုတော့။ သိပ်မကြာသေးဘူး။ တိုက်ကတော့ လူမနေဘူးတဲ့။ အဲဒီတိုက်က မြတ်ဆေးခန်းနဲ့သိပ်မဝေးဘူး။ နည်းနည်းနီးတယ်။ အဲဒီလမ်းထဲမှာပေါ့။" ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်လို ပေါက်ကွဲတယ်ဆိုတာ သိပါသလား မေးကြည့်ရာမှာတော့ နေပြည်တော် အမှတ် ၁ ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတဦးက အခုလို ဖြေကြားပါတယ်။ "ဟုတ်ကဲ့။ ကျနော်တို့ လူတော့ အသေအပျောက်တော့ မရှိဘူး ပြောတယ်ခင်ဗျ။ လောလောဆယ် အဲဒီမှာ စိစစ်တုန်းခင်ဗျ။ မသိရသေးဘူးခင်ဗျ။ လူကြီးတွေ စိစစ်တုန်း။ ကျနော်တို့ အကုန်လုံး အဖွဲ့ပေါင်းစုံ အဲမှာ လူကြီးတွေ စစ်နေတယ်ခင်ဗျ။" မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတိုင်း အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့လက်ချက် ဖြစ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒီဗုံးပေါက်ကွဲမှုတွေ နဲ့ပတ်သက်ပြီး အာအက်အေ သတင်းထောက် ကိုမိုးကျော် နဲ့ မဆွေဇင်တို့ရဲ့ သတင်းပေးပို့ချက်တွေမှာ နားဆင်နိုင်ပါတယ်။

0:00 / 0:00

0:00 / 0:00