နမ့်ခမ်းမြို့မှာ ဗုံး ၃ လုံး ပေါက်ကွဲ ၁ ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်မှာ မနေ့ည ၁၀ နာရီလောက်က ဗုံးတစ်လုံးနဲ့ ဒီနေ့မနက်အစောပိုင်းက ဗုံးနှစ်လုံး စုစုပေါင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး ဒီနေ့မနက် ဗုံးပေါက်ကွဲမှုမှာ စည်ပင်အမျိုးသားဝန်ထမ်း တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့မနက် ၇နာရီနဲ့ ၇ နာရီခွဲမှာ နမ့်ခမ်းမြို့လယ် မိုခမ်းရပ်ကွက်မှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်ရှေ့က အမှိုက်ပုံးထဲမှာ ဗုံးတစ်လုံးပေါက်ကွဲ မှုကြောင့် စည်ပင်အမျိုးသားဝန်ထမ်းတစ်ဦး သေဆုံးခဲ့တာပါ။ အဲ့ဒီဗုံးသုံးလုံးစလုံးဟာ နမ့်ခမ်းမြို့လယ် ဘုရားကျောင်းအနီးအနားမှာ ပေါက်ကွဲခဲ့တာလို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောပါတယ်။

“မနေ့ကပေါက်တာ၊ ပေါက်တာက ၃ လုံးပေါက်တယ်ပေ့ါ၊ ၁ လုံးက မနေ့က ၁၁ နာရီမတ်တင်းလောက် က ပေါက်သွားတယ်၊ ပေါက်တာကတော့ အသံအကျယ်ကြီးပဲ၊ ပေါက်တဲ့နေရာကျတော့ လမ်းလယ်ပန်းခုံပေါ့၊ အဲမှာ ကျွတ်ကျွတ်အိပ် အမှိုက်ကနေပြီးတော့ပေါက်တာ၊ ပန်းခုံနည်းနည်းပဲ့သွားတယ်၊ ဒုတိယအလုံးကျတော့ ဒီနေ့မနက် ၇ နာရီ မြို့လယ်ဘုရားကျောင်းရဲ့ မျက်နှာချင်းဆိုင်က ဆိုင်ရဲ့အမှိုက်ပုံးမှာ စည်ပင်ကအမှိုက် လာသိမ်းရင်းနဲ့ ပေါက်သွားတာ၊ အဲမှာစည်ပင်တစ်ယောက်သေသွားတယ်၊ ဖြတ်သွားတဲ့ဆိုင်ကယ် နည်းနည်းပါးပါးထိသွားတာပေါ့၊ တစ်ယောက်နှစ်ယောက်လောက်ထိသွားတယ်၊ ၇ နာရီခွဲမှာ နောက်တစ်လုံး ထပ်ပေါက်တယ်၊ လမ်းလယ်မှာလုပ်ထားတဲ့ပန်းခုံပေါ့၊ အဲမှာပေါက်သွားတယ်၊ အဲမှာတစ်ယောက်ထိသွား တာပေ့ါ၊ ဆေးရုံတင်ထားရတယ်၊ အခုရောက်နေတာတော့ ၂ ယောက်ပေါ့၊ သေတာကတော့ ၁ ယောက်”

ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ၂ယောက် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်၊ ကုန်သည်ကြီးများဟိုတယ်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး၊ သတင်းစာရှင်လင်းပွဲကို မနက်ဖြန်မှာ ပြုလုပ်မယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။