ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ Western park 2 စားသောက်ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးတစ်လုံးတွေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီ မပေါက်ကွဲသေးတဲ့ဗုံးကို စစ်မြေပြင်အင်ဂျင်နီယာ တပ်က လာရောက်ယူဆောင်သွားတယ်လို့ အလုံမြို့နယ်ရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက RFA ကို ခုလို အတည်ပြုပြောပါတယ်။
“ဘယ်လိုတွေ့တာလဲဆိုတော့ အဲဒီဆိုင်က ဝန်ထမ်းလေးက သန့်ရှင်းရေးလုပ်ရင်းနဲ့တွေ့တော့ မန်နေဂျာကို အကြောင်းကြားလိုက်တယ်၊ ဒီပစ္စည်းကို ဆိုင်အပြင်ရဲ့ ညာဘက်ကို ထုတ်ပစ်လိုက်တယ်ခင်ဗျ၊ နောက်ပြီးမှ ကျနော်တို့ဆီ လာအကြောင်းကြားတယ်၊ ဗုံးက ဘယ်လိုအရွယ်အစားရှိလဲဆိုတာ ကျနော်တို့မသိဘူးခင်ဗျ၊ BE တပ်က လာယူသွားတယ်ခင်ဗျ၊ Western Part 2 ကမ်းနားလမ်းကပါ ခင်ဗျ”
အလားတူ မန္တလေးမြို့မှာလည်း မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ဒီနေ့တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့်နားမှာ ထောင်ထားတဲ့ဗုံးကိုတော့ ကားစောင့်နေတဲ့ လူငယ်တစ်ယောက်က စတင်တွေ့ရှိပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က RFA ကို ပြောပါတယ်။
မနေ့က မနက် ၁ နာရီလောက်ကလည်း ရန်ကုန်မြို့၊ အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဗုံးတစ်လုံး တွေ့ရှိခဲ့ပါတယ်။ အလားတူ သာကေတမြို့နယ်မှာလည်း မနေ့ညက ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁ ရက်နေ့က တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရခဲ့ပါ တယ်။
အခုလ ၁၁ ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ငူမြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေကြောင့် အစိုးရက တစ်နိုင်ငံလုံးမှာ လုံခြုံရေးတိုးမြင့်ထားတယ်လို့ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူမယ့်အချိန်နဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးကပ်လာချိန်မှာ နိုင်ငံတကာက ယုံကြည်မှုအားနည်းအောင် လုပ်ဆောင်နေတာလို့ ယူဆနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
“လုံခြုံရေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတွေကို မသင်္ကာဖွယ်ရာ ပစ္စည်းတွေတွေ့ရင် ချက်ချင်းသတင်းပို့ဖို့ပေါ့၊ နောက်တခါ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ၊ အဝေးပြေးကားဂိတ်တွေမှာလည်း လူဝင်လူထွက်တွေကို သေချာမှတ်တမ်းတင်ထားဖို့ ဒါမျိုးတွေပြောရတာရှိပါတယ်”
တရားခံတွေကို ဖမ်းဆီးရဖို့အတွက် တွေ့ရှိထားတဲ့ဗုံးတွေရဲ့ ယမ်းအမျိုးအစား၊ စနက်တံနဲ့ ဖောက်ခွဲတဲ့စနစ်တွေကို စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ အခုတလော ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတဲ့ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်ကွဲသေးတဲ့ ဗုံးရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးပေါက်ကွဲမှု၊ မပေါက်ကွဲသေးတဲ့ ဗုံးရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး မင်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။