ဘိုနိုနဲ့အတူ ဖျော်ဖြေဖို့ ဇေယျာသော်ကို ဖိတ်ကြားထား

အိုင်ယာလန်နိုင်ငံမှာ ဇွန်လ ၁၈ ရက်နေ့ ကျင်းပမဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေပွဲမှာ အဆိုတော်ဘိုနိုနဲ့အတူ ပါဝင်ဖျော်ဖြေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခေါ်) Hip Hop အဆိုတော် ဇေယျာသော်ကို ဖိတ်ကြားထားကြောင်း သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကိုဇေယျာသော်ကို RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ U2 တေးဂီတအဖွဲ့က ရန်ကုန်မြို့ ဗြိတိသျှသံရုံး ( British Council ) ကနေတဆင့် သူ့ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အခက်အခဲကြောင့် ပါဝင်ဖျော်ဖြေနိုင်မယ့် အခြေအနေကို ညှိနှိုင်းနေဆဲပါပဲလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ကိုဇေယျာသော် လိုက်ပါဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ နော်ဝေနိုင်ငံကနေ အိုင်ယာလန်နိုင်ငံကို အထူးလေယာဉ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံ Dublin မြို့မှာ ၁၈ ရက်နေ့ ညနေပိုင်းကျင်းပမဲ့ ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ရွေးချယ်ခြီးမြှင့်ခဲ့တဲ့ “မျှော်လင့်ချက် ခိုင်မာပြတ်သားမှု” ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

အဲဒီပွဲကို Board Gais Energy ဇာတ်ရုံခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး အဆိုတော်ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို AI အဖွဲ့ကိုယ်စား ဆုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆုပေးပွဲနဲ့တဆက်တည်း ဂီတဖျော်ဖြေပွဲကို ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

U2 တေးဂီတအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အနစ်နာခံ ဆောင်ရွက်မှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ထောက်ခံအားပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပင်တိုင်တေးသံရှင် Bono က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ချီးကျူးဂုဏ်ပြုခဲ့တဲ့ Walk On တေးသီချင်းဟာ ကမ္ဘာကျော်သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး နော်ဝေး၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဗြိတိန် နဲ့ ပြင်သစ်တို့ကို သွားရောက်ကာ ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီး ဇူလိုင် ၄ ရက်နေ့မှာ စတင်မယ့် လွတ်တော်အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။