မြန်မာနိုင်ငံ မြဝတီဘက်အခြမ်းက ဒီတံတားပိတ်ထားရတာဟာ ပြည်တွင်း လုံခြုံရေး ပြဿနာတွေကြောင့် ဖြစ်ပြီး၊ မကြာခင် ပြန်ဖွင့်ပေးမှာ ဖြစ်ကြောင်း မြန်မာအစိုးရဖက်က ပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး၊ ထိုင်းအစိုးရ ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် ဆူပါချိုင်း ဂျေဆာမွတ်က ပြောပါတယ်။
ဒါပေမဲ့ ဒီတံတား ဘယ်ရက် ပြန်ဖွင့်မယ်ဆိုတာ ဝန်ကြီးချုပ်က တိတိကျကျ ပြောတာ မရှိဘူးလို့မစ္စတာ ဆူပါချိုင်းက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ်ဟာ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က မြန်မာနိုင်ငံကို တရက်ကြာ တရားဝင် သွားရောက်ခဲ့ပြီး စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ အဘီဆစ်က ခရီးစဉ်အပြီး ကြေညာချက်တရပ် ထုတ်ပြန်ခဲ့တဲ့အပြင် ထိုင်းပို့ကုန် အမျိုးအစား ၅၀ ပိတ်ပင်ခံထားရတာကို ပြန်ခွင့်ပြုပေးရေးကိစ္စ မြန်မာအရာရှိတွေနဲ့ ဆွေးနွေးဖို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးကို မနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ ညွန်ကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တနင်္သာရီတိုင်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်း ပူးတွဲ တည်ဆောက်ရေး၊ စက်မှုဇုံသစ်တွေ တည်ထောင်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ တရားမဝင် အလုပ်သမားအရေးနဲ့ မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးမှုပြသနာတွေ ပူးတွဲ ဖြေရှင်းသွားဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။