ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဗြိတိန်သံအမတ်ကြီး Andrew Heyn တို့အပြင် မြို့မိမြို့ဖတွေ၊ မူဆလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် အခုလိုပြောကြားလိုက်တာပါ။
"တရားဥပဒေပြင်ပကဆောင်ရွက်ခွင့်နဲ့ ခုနက အကြမ်းဖက်ဆောင်ရွက်ခွင့်တွေကိုတော့ ကျွန်တော်တို့ခွင့်မပြုတော့ဘူး။ သို့သော် ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တဲ့ ခုနကလို မှတ်ပုံတင်စစ်ဆေးမယ့်ဟာတွေကို ကျွန်တော်တို့စပါမယ်။ ဒါကအစပြုတာပါ။ သို့သော် ဘယ်အဖွဲ့အစည်းကိုမှ သာစေနာစေမရှိပါဘူး"
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကိုဖြေရှင်းတဲ့အခါ နှစ်ဘက်ခံစားချက်တွေကို နားလည်ပြီးမှ ဖြေရှင်းလို့ရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ နှစ်ဘက်စလုံးက တင်ပြချက်တွေ အားလုံးကို သုံးသပ်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကဆိုပါတယ်။
ဒါ့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေနဲ့ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို ခွဲခြားသိနိုင်ဖို့ အစိုးရဘက်က သပ်သပ်မဟုတ်ဘဲ ရခိုင်နဲ့ မူဆလင်တွေဘက်ကပါ အုပ်စုတွေဖွဲ့ပြီး ဆောင်ရွက်သွားမယ် လို့လည်းဆိုပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ဗြိတိန် သံအမတ်ကြီး Andrew Heyn နဲ့ သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ဟာ မနေ့က စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံပြီး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
ဒီသံအမတ်ကြီး ၃ ဦးအဖွဲ့ဟာ မကြာခင် ရက်ပိုင်းတွေအတွင်းက ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လေ့လာ သုံးသပ်မှုတွေပြုလုပ်ဖို့အတွက် ပြီးခဲ့တဲ့ရက်တွေက ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား စတဲ့မြို့နယ်တွေကိုသွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။