စင်္ကာပူငွေလွှဲသူတွေ စိုးရိမ်

စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကို ငွေလွဲှတဲ့ ဆိုင်ပိုင်ရှင်ဟာ ဆိုင်ပိတ်ထားပြီး ငွေတွေလည်း မရောက်တာကြောင့် ငွေ လွဲှသူတွေက တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါတယ်။

စင်္ကာပူနိုင်ငံ Peninsula Plaza က ငွေလွဲှတဲ့ "သူဌေးသမီးဆိုင်" ဟာ ပိတ်ထားတာဖြစ်ပြီး ၂ ပတ်ကြာတဲ့အထိ လွဲှငွေတွေ မရောက်သေးတာဖြစ်တဲ့အတွက် စင်္ကာပူနိုင်ငံမှာ တရားစွဲမယ်လို့ စင်္ကာပူဒေါ်လာ ၄ သောင်း လွဲှခဲ့သူ ဒေါ်အေးအေးမြင့်က ပြောပါတယ်။

"ကျမ ငွေလွှဲတာက ၃ ရက်နေ့ကလွှဲလိုက်တာပါ၊ ၈ ရက်နေ့ကို ရောက်စေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမကို ပြော လိုက်တာပါ၊ စင်္ကာပူဒေါ်လာ ၄ သောင်း၊ အဲ့နေ့က ငွေဈေးနဲ့ တွက်လို့ရှိရင် ၃၄၆ သိန်းလောက်ကျတယ်၊ ဒီငွေပမာဏကလေ ကျမတို့က တကယ်လိမ်မပြောဘူး၊ ဟိုမှာက ၁ နာရီ ၅ ကျပ်လေးနဲ့ အလုပ်လုပ်လာတဲ့ လူဆိုတော့လေ ကျမတို့ဘက်က ဒီပိုက်ဆံကို မသုံးမစားပဲနဲ့ ဒီလိုစုတာတောင်မှ ၁ဝ နှစ်လောက်မှ စုနိုင်မှာ၊ ကျမ စင်္ကာပူ အစိုးရနဲ့ တိုင်မလို့တွက်ထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆိုင်က စင်္ကာပူမှာဖွင့်ထားတာလေ၊ လွှဲတဲ့သူအကုန်လုံးက မြန်မာပြည်သံရုံကနေ တိုင်မယ်လို့ပြောထားတယ်"

သူဌေးသမီး ငွေလွှဲဆိုင်ဟာ အခုပိတ်ထားတာကြောင့် အဲ့ဒီဆိုင်ရှေ့ Penisula plaza ၅ လွှာက ဆိုင်ရှေ့မှာ လာရောက် စောင့်ဆိုင်နေသူတွေလည်းရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲ့ဒီဆိုင်ရဲ့ ဆိုင်ခွဲကို စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားပြီး အဲ့ဒီဆိုင်ဟာလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ ဆိုင် ၂ ဆိုင်လုံးရဲ့ရှေ့မှာ နာရေးကိစ္စကြောင့် ဆိုင်ပိတ်ထားတယ်ဆိုပြီး စာရွက်တွေကပ်ထားကြောင်း ငွေလွှဲထားသူတွေက ပြောပါတယ်။

ငွေလွှဲထားသူအများစုဟာ မတ်လ ပထမအပတ်တည်းက လွှဲထားသူတွေဖြစ်ပါတယ်။

သူဌေးသမီးဆိုင် ရန်ကုန်ဆိုင်ခွဲကို RFA က ဆက်သွယ်ရာမှာ ဖုန်းတွေပိတ်ထားတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်မရခဲ့ပါဘူး။

သူဌေးသမီးငွေလွှဲဆိုင်ဟာ Penisula Plaza မှာ ဖွင့်လှစ်ထားတာ ၅ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ပိုင်ရှင်အပြောင်းအလဲ ၃ ကြိမ်လောက်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ဆိုင် ၁ဝ ခုကျော်ရှိပြီး ဆိုင်အားလုံးဟာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေဖြစ်ပါတယ်။