ကောင်းမြန်မာအောင်ရဲ့ ဆိပ်ကမ်းတံတားစီမံကိန်း ရပ်ဆိုင်းဖို့ လွှတ်တော်ဆုံးဖြတ်

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဆီကနေ မြေငှားရမ်းပြီး ဆိပ်ကမ်းတံတားစီမံကိန်းဆောင်ရွက်နေတာကို ရပ်ဆိုင်းဖို့ ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဗိုလ်တထောင်ဘုရားအနီးမှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ မြေဧက ၂၀ နီးပါးမှာ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းဟာ ဆိုးကျိုးတွေ သာဖြစ်ပေါ်ေစနိုင်တဲ့အတွက် ရပ်ဆိုင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၅ယောက်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ထောက်ခံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း မြေနေရာ ရဲ့အောက်ခံမြေသားထုဟာ ခိုင်မာမှုမရှိတာကြောင့် ကမ်းနားမှာရှိတဲ့ ဗိုလ်တထောင်ဘုရားကို နောင်တစ်ချိန်မှာ ထိခိုက်နိုင်တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းဖို့သဘောတူကြောင်း တင်ပြခဲ့ပါတယ်။

"ဗိုလ်တထောင်ဘုရားမြေသည် လှိုင်ဂူပုံသဏ္ဍန်ဆောက်ထားတဲ့ လှိုင်ဂူဘုရားဖြစ်တယ်၊ အဲ့အောက်ကမြေ က မြေသားခိုင်မာမှုမရှိဘူးလို့ တွက်ရတယ်၊ ဒါ့ကြောင့် အောက်ခံမြေသားဟာ မသေချာပါဘူး၊ အင်မတန် စိုးရိမ်ရတယ်ဆိုတဲ့ အခြေနေဖြစ်ပါတယ်၊ ကျနော်တို့က အခုခွင့်ပြုလိုက်ရင် အခုလည်းမဖြစ်ဘူး၊ နောက်နေ့ လည်းမဖြစ်ဘူး၊ ၁ဝ နှစ်လောက်ကြာမှဖြစ်ရင် ဒီဟာကျနော်တို့ဆီမှာ တာဝန်ရှိပါတယ်၊ ဘုရားရဲ့ အဆေက်အဦကို ထိခိုက်လာခဲ့ရင် စေတီတော်ကို ထိခိုက်လာခဲ့ရင် ကျနော်တို့မှာ အပြစ်ဖြစ်မှာသေချာပါတယ်"

ဆိပ်ကမ်းတည်ဆောက်မယ့်နေရာဟာ ရန်ကုန်မြို့ရဲ့ ရေဆိုးထွက်ပေါက်နေရာတွေဖြစ်တဲ့အတွက် စီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် မိုးရာသီမှာ ရန်ကုန်မြို့အတွင်းမှာ ရေကြီးမယ့် အန္တရာယ် ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ထောက်ပြဆွေးနွေးခဲ့ပါတယ်။

"ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မယ့်နေရာဟာ ရေဆိုးထွက်ပေါက် ၄ ခု တည်ရှိတဲ့နေရာဖြစ် ပါတယ်၊ တကယ်လို့ ဆောင်လုပ်ရေးလုပ်ငန်းသာ ဆက်ဆောက်မယ်ဆိုရင် ဒီရေဆိုးထွက်ပေါက်တွေဟာ ပိတ်ဆို့သွား မှာဖြစ်ပါတယ်၊ ဒီအခြေအနေကြောင့်မို့ အခုလို မိုးရာသီ ရေကြီးမှုအန္တရာယ် မြို့ထဲ မှာ ရေကြီးမှုအန္တရာယ်ဟာ ဒီရေထွက်ပေါက်တွေ ပိတ်ဆို့သွားမယ်ဆိုရင် မတွေးဝံ့ပါဘူး၊ ဒါကြောင့် ဆိုးကျိုးကိုသာဖြစ်ပေါ်စေပါတယ်"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အဲ့ဒီအဆိုကို ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဗိုလ်တထောင်ကမ်းနားတလျှောက် သောင်ထွန်းလာတာ၊ သင်္ဘောရေ လမ်းကြောင်း ပိတ်ဆို့တာ၊ သမိုင်းဝင် ဗိုလ်တထောင်စေတီတော်ရဲ့ အဆောက်အဦးထိခိုက်တာ၊ ဘုရားဖူးလာ သူတွေအတွက် ဆူညံသံတွေထွက်ပေါ်နိုင်တာ၊ ရန်ကုန်ကမ်းနားလမ်းတလျှောက် ကွန်တိန်နာကားတွေ ပိတ်ဆို့လာတာ စတဲ့ဆိုးကျိုးတွေ ဖြစ်ထွန်းစေနိုင်တယ်လို့ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီစီမံကိန်းကို ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြီးခဲ့တဲ့မတ်လကုန်လောက်က ခွင့်ပြုချက်ချပေးခဲ့တာဖြစ်ပြီး လစဉ်ငှားရမ်းခ ငွေကျပ် ၇ သန်းရရှိတာဖြစ်ပါတယ်။