မန္တလေးတိုင်း မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း စတဲ့ မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဓာတ်ပုံတွေ ပါတဲ့ အင်္ကျီအဖြူဆင်တူ ဝတ်ပြီး၊ ဒီနေ့ မနက်ပိုင်းက လက်ကမ်း စာစောင်တွေ ဝေခဲ့ကြတာလို့ သိရပါတယ်။
မိတ္တီလာမြို့မှာတော့ ဒီနေ့မနက် ၉နာရီကနေ ၁၁ နာရီအထိ မိတ္တီလာဈေးတဝိုက်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေရာမှာ မြို့ခံလူထုက အားတက်သရော လက်ကမ်းစာစောင်တွေကို တောင်းခဲ့ကြတယ်လို့ သိရပါတယ်။ မြို့နယ်ရဲမှူးအပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ၊ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့ဝင်တွေက နှောင့်ယှက်တာနဲ့ ကြုံခဲ့ရတယ်လို့ မိတ္တီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
အလားတူ ကျောက်ပန်းတောင်းမြို့မှာလည်း ဒီနေ့မနက်က ကျောက်ပန်းတောင်းဈေး တဝိုက်မှာ လက်ကမ်းစာစောင် နှစ်ထောင်လောက် ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်းမှာလည်း မြို့နယ်ရဲမှူးနဲ့ လုံခြုံရေးအဖွဲ့က ဆိုင်ကယ်အစီး ၂၀ လောက်နဲ့ တောက်လျှောက် လိုက်ကြည့်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း အဖွဲ့ဝင် ကိုအေးခိုင်က ပြောပါတယ်။
မဲမပေးရေး လှုပ်ရှားမှုတွေကို လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဆောင်ရွက်သွားမယ်လို့ NLD မြို့နယ် အဖွဲ့ဝင်တွေက RFA ကို ပြောပြပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဒီလာမဲ့ ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့ ပါတီမရှိရင် မဲမပေးပဲလည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံသား အခွင့်အရေး နှိုးဆော်ချက်ကို လက်ကမ်းစာစောင်တွေအဖြစ် ဝေငှနေတာ ဖြစ်ပါတယ်။