ကေအိုင်အိုနဲ့ ဆက်သွယ်မှု ပြစ်ဒဏ်ချမှတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားမြို့က ဦးလထော် ဘရန်ရှောင် ကို မြစ်ကြီးနားမြို့နယ်တရားရုံးက အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ ညနေ ၃ နာရီခွဲအချိန်မှာ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီအချိန်က ကချင်ပြည်နယ် ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည် စခန်းမှာ နေထိုင်နေစဉ်မှာ ဦးလထော်ဘရန်ရှောင် ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့နဲ့ ဒုရဲအုပ်ကျော်မျိုးနိုင်တို့ကမတရားသင်းနဲ့ဆက်သွယ်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အခုဆိုရင် သူဟာ ၄ လလောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး ၊ တာဝန်ရှိသူတွေက သူ့ကိုစစ်ဆေးစဉ်မှာ ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဦးဘရန်ရှောင်လွတ်မြောက်ဖို့အတွက် လူအင်အား ၁၀၀၀
ဝန်းကျင်ရှိတဲ့မြစ်ကြီးနားမြို့ပေါ်က ဒေသခံတွေနဲ့ခရစ်ယာန်အသင်းတော် တို့က ဆန္ဒဖေါ်ထုတ် ဆုတောင်းခဲ့ကြပါတယ်။