မြန်မာလွှတ်တော် လွတ်လပ်ခွင့် ဗြိတိသျှ အစိုးရ စိုးရိမ်

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော်မှာ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့် ကန့်သတ်ထားပြီး တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားတာနဲ့ ပတ်သက်လို့ ဗြိတိသျှ အစိုးရက စိုးရိမ်ပူပန်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဗြိတိသျှ လွှတ်တော်အမတ်တွေက သူတို့ အစိုးရကို ပုံမှန်အားဖြင့် သူတို့ရဲ့ လုပ်ဆောင်နေမှုတွေကို မေးခွန်းတွေ မေးမြန်းလေ့ရှိရာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ပါလီမန်လွှတ်တော်အမတ် Gregory Campbell က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီမေးခွန်းကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Jeremy Brown က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်တဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က မမေရီလှက ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီပြောကြားချက်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရက လာမဲ့လမှာ ကျင်းပမဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တင်ပြ ဆွေးနွေး သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Mr. Brown က ပြောခဲ့တယ်လို့ သိရပါတယ်။