ဒါဟာ ဘယ်လို မတရားမှုမျိုးမှ ထာဝရ မတည်ရှိနိုင်တာကို ပြသလိုက်တာပဲ ဖြစ်ကြောင်းနဲ့ မြန်မာ စစ်အစိုးရအနေနဲ့ ဖိနှိပ် ချုပ်ချယ်တဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးနေနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို လုံးဝ တိတ်ဆိပ်သွားအောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ အရေးပါတဲ့ တိုးတက်မှုဖြစ်ပေမယ့် ဒါဟာ ပထမအဆင့်သာ ရှိသေးကြောင်းနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းအနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝ ပေါ်ထွန်းတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံ အားပေးသွားကြဖို့လည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown က ပြောဆိုလိုက်ပါတယ်။
အလားတူပဲ လက်ရှိဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်သင့်တာ ကြာလှပြီဖြစ်ပြီး စစ်အစိုးရက အခု လွှတ်ပေးတယ်ဆိုတာ အတုအယောင် လွတ်နည်းသာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့ပြင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြတ်နိုးသူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဘာတခုမှ ဖြစ်လာနိုင်မှာ မဟုတ်ကြောင်းနဲ့ စစ်အစိုးရ အနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။