မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ဗြိတိန်နိုင်ငံ အောက် လွှတ်တော်ဥက္ကဌ မစ္စတာ ဂျွန်ဘားကိုးက မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှု အားနည်းနေသေးတဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ အပေါ်စိုးရိမ်ရဆဲဖြစ် တယ်လို့ ပြောဆိုသလို၊ ၈၈ မျိုးဆက်အဖွဲ့ကလည်း လတ်တလောအငြင်းပွားစရာဖြစ်နေတဲ့ အသင်းအဖွဲ့ ဥပဒေ၊ မီဒီယာဥပဒေနဲ့ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ ပြောဆိုဆွေးနွေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
မစ္စတာ ဂျွန်ဘားကိုးက ၈၈ မျိုးဆက်အဖွဲ့အပါအဝင်၊ GW အဖွဲ့နဲ့ တိုင်းရင်းသားအရေး လူ့အခွင့်အရေး အလုပ်သမားရေး ဆောင်ရွက်သူတွေကို ရန်ကုန်မြို့ ဗြိတိန်သံအမှုထမ်းအိမ်ယာရိပ်သာမှာ ဒီနေ့နေ့လည် က တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာလို့ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချိုက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ဖို့အရေးနဲ့ မြန်မာ့လွှတ်တော်ကို အခုထက်ပိုပြီး ဒီမိုကရေစီနည်းကျအောင် တိုးမြှင့်ဖေါ်ဆောင်ဖို့အရေးကိစ္စတွေမှာ အကူအညီပေးသွားမယ့်အကြောင်း မစ္စတာ ဂျွန်ဘားကိုးက ပြောတယ်လို့ဆိုပါတယ်။
ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဌ မစ္စတာ ဂျွန်ဘားကိုးနဲ့ ဒီနေ့ဆွေးနွေးပွဲကို ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချို၊ GW အဖွဲ့က ကိုမိုးသွေး၊ ကချင်လူမှုကူညီရေးဆောင်ရွက်နေတဲ့ မခွန်ဂျာ၊ လူ့အခွင့်အရေးဆောင်ရွက်သူ ကိုအောင်မျိုးမင်းနဲ့ အလုပ်သမားအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ မစ္စတာ ဂျွန်ဘားကိုးဟာ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။
ဗြိတိသျှအောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စ္စတာ ဂျွန်ဘာကိုဟာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ စိန်ရတုအခမ်းမမှာ ဒီ ကနေ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မစ္စတာဘာကိုရဲ့ မိန့်ခွန်းပါ ပြောကြားချက်နဲ့ ပွဲတက်ရောက်လာကြသူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။