လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်ဖို့အတွက် လွှတ်တော်အိမ်ရာတွေကို လာမယ့် ၂၀၁၆ ခုနှစ် နှစ်ဆန်း ပိုင်းမှာ အပြီးတည်ဆောက်ပေးဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ တင်ပြမှုကို အစိုးရအနေနဲ့ လွှတ်တော်အိမ်ရာ ဆောက်လုပ်ပေးဖို့ တာဝန်မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်တင်မြင့် က အဲဒီအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ နိုင်ငံရေးပါတီဝင်တွေဖြစ်တဲ့အတွက် နိုင်ငံပိုင် အဆောက်အအုံ၊ ငွေကြေးနဲ့ ယာဉ်ပစ္စည်းတို့ကို သုံးစွဲခွင့်မရှိကြောင်း အခုလိုတင်ပြခဲ့ပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်အများစုဟာ သက်ဆိုင်ရာပါတီများကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ခံရသူ များဖြစ်တဲ့အလျှောက် ပါတီတာဝန်များကို ပူးတွဲထမ်းဆောင်ကြ ရတဲ့အတွက် နိုင်ငံရေးပါတီနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးများ ကျင်းပခြင်းနဲ့ ပါတီရဲ့ သဘောထားရယူဆောင်ရွက်ခြင်းများ ကို နိုင်ငံပိုင်အဆောက် အအုံများတွင် ဆောင်ရွက်ခြင်းပြုပါက နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် နိုင်ငံပိုင်ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်ပြီးဖြစ်စေရယူသုံးစွဲခြင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၇ ၊ ပုဒ်မခွဲ ( ဂ )ပါ ပြဌာန်းချက်နဲ့ လည်းငြိနေ တာ တွေ့ရပါတယ်"
ဝန်ကြီး ဦးဝင်းရှိန်ရဲ့ ဖြေကြားချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် နိုင်ငံရေးကိစ္စတွေ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်များတည်းခိုတဲ့နေရာသည် နိုင်ငံပိုင်အဆောက်အအုံ ဖြစ်တယ်၊ ဒါကြောင့်နိုင်ငံရေး ကိစ္စနဲ့ ပါတီကိစ္စနဲ့ ဒီမှာဆွေးနွေးလို့ မသင့်ဘူး၊ လွှတ်တော် ကိုယ်စားလှယ်တွေကနိုင်ငံရေး သမားတွေလေ၊ နိုင်ငံရေးကိစ္စကို သူ့ပါတီ ကိစ္စရော၊ အခြားနိုင်ငံရေးကိစ္စရော လုပ်ကြမှာပေါ့၊ အဲ့ဒါကို နိုင်ငံပိုင်အဆောက်အဦးထဲမှာ မလုပ်ပါနဲ့ မသင့်ပါဘူးလို့ပြောတဲ့ဟာက သဘာဝကျမကျ သုံးသပ်ဖို့ လိုတယ်"
လွှတ်တော်အိမ်ရာတွေကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ အပြီးတည်ဆောက်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဆိုင်းငံ့ထားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားတိုင်းရင်းသားနိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ် ၁၂၀ ကျော်ဟာ လွှတ်တော်ကျင်းပနေဆဲကာလ အတွင်း နေပြည်တော်က စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုပြီး လွှတ်တော်တက်နေရ တာဖြစ်ပါတယ်။
