မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ အာရှဥပဒေဌာန ရှုမြင်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာကိစ္စတွေမှာ စိုးရိမ်ရဆဲ အခြေအနေမှာပဲ ရှိနေသေးလို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC က တင်သွင်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC ကနေ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဒီကနေ့မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ အခုလို လူ့အခွအင့်ရေးညီလာခံမှာ အစီရင်ခံတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ALRC ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် မပြောင်းလဲဘဲ ဆုတ်ယုတ်နေတဲ့အချက်အလက်တွေ၊ တရားစီရင်ရေးဆိုင်ရာ ချို့ယွင်းချက်တွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိနေတယ်ဆိုတာတွေက ယခင်ကထက် ပိုဆိုးလာတယ် ဆိုတာတွေကို တင်ပြသွားဖု့ိ အစီအစဉ် ရှိပါတယ်။ တရားစီရင်ရေးဌာနမှာ လွဲမှားစွာလုပ်ဆောင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေဆဲပဲဆိုတာ၊ တရားစီရင်ရေးဌာနကတော့ လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဇောင်းပေးတင်ပြထားပါတယ်”

ဒီအချက်အလက်တွေကို တင်ပြတဲ့အခါ ၂၀၁၀ သြင်္ကန်ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်အမှု၊ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် မကြာခဏ ခေါ်ယူစစ်ဆေးခံနေရတဲ့ အရှင်ဂမ္ဘီရရဲ့အခြေအတွေကို ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒီကနေ့ ကုလမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကိစ္စ တင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စတာကန်တားနားကလည်း မိမိအစီရင်ခံစာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိသလို၊ မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း လူ့အခွင့်ရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။