မြန်မာ့လူ့အခွင့်အရေး ဗြိတိန်ဝန်ကြီးချုပ် ဖိအားပေးစေချင်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို အလေးပေးပြောဆိုဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မနေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အာဏာပိုင်တွေဘက်က ဆောင်ရွက်ချက်တွေဟာ အားနည်းနေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို အားလုံးရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ အဖွဲ့ရဲ့ပြောခွင့်ရသူ မဇိုရာဖန်းက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်နဲ့အတူ ကုန်သွယ်စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့လိုက်ပါသွားတာဟာ ဗြိတိန်အစိုးရက အပြောနဲ့လက်တွေ့ မညီဘူးဆိုတာ ပြလိုက်တာပဲလို့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထုတ်ပြန်ထားဆဲဖြစ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအစား လူသားချင်း စာနာကူညီမှုတွေကိုပဲ ပံပိုးကူညီပေးသင့်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီကနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူရဲ့ခရီးစဉ်အတွင်း မြန်မာအစိုးရအပါအဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။