မြန်မာ့ ပြောင်းလဲမှုတွေကြောင့် EU-Asean ဆက်ဆံရေး တိုးတက်လာ

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆက်ဆံမှုတွေ မတူခဲ့ကြလို့ အရင်က နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်ခဲ့ကြတဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ ကြားမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။

အီးယူနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ ဒီကနေ့ ဘရူနိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုအခါ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီ ဖြစ်တာကြောင့် ဒီကနေ့ ထိပ်သီး အစည်းအဝေးဟာ နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်တဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ ကြေညာလိုက်ကြပါတယ်။

ဒီအစည်းအဝေးကို အီးယူ နိုင်ငံခြားရေးဝန်ကြီး Ms. Catherine Ashton၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Mr Hague အပြင် ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး Mr Westerwelle တို့ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

" မြန်မာနိုင်ငံမှာ အထင်ကရ အပြောင်းအလဲတွေ အစပျိုးနေပြီ ဖြစ်တာကြောင့် အီးယူနဲ့ အာဆီယံ ဆက်ဆံရေးဟာလည်း ပိုခိုင်မြဲလာတဲ့ အခြေအနေကို ရောက်နေပါပြီလို့ " အီးယူ နိုင်ငံခြားရေးဝန်ကြီး Ms. Catherine Ashton က ပြောပါတယ်။

အီးယူအဖွဲ့က မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်တော့မှာ ဖြစ်သလို အီးယူ နိုင်ငံခြားရေးဝန်ကြီး Ms. Ashton ဟာလည်း ဘရူနိုင်း အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဘယ်လ်ဂျီယမ်နိုင်ငံ အီးယူ ရုံးချုပ်ကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။