မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ GE ကုမ္ပဏီ စဉ်းစားနေ

နာမည်ကျော် အမေရိကန် GE လျှပ်စစ်ကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား လေ့လာနေကြောင်း၊ မြန်မာနဲ့ အမေရိကန်နိုင်ငံအကြား ဆက်ဆံရေး ပြေပြစ်လာမှုကြောင့် သူတို့ကုမ္ပဏီအတွက် ဈေးကွက်သစ် ဖြစ်လာနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

GE လို့အတိုကောက်ခေါ်တဲ့ General Electric Co ရဲ့ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John Rice က မြန်မာပြည်ဟာ လူဦးရေ သန်း ၆၀ ရှိပြီး သယံဇာတ ကြွယ်ဝတဲ့အပြင် အခုအခါ အစိုးရက ဈေးကွက်တွေကို ဖွင့်ပေးနေတဲ့အတွက် မိမိတို့အနေနဲ့ သွားရောက်လုပ်ကိုင်ဖို့ အာရုံစိုက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း မနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ GE ကုမ္ပဏီ အကြီးအကဲ မစ္စတာ Rice က မကြာခင် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို မိမိသွားရောက် လေ့လာမယ်၊ အခုလို အစိုးရက ဈေးကွက်ဖွင့်လာတာကို မိမိတို့က ပါဝင်ကူညီရမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် GE ကုမ္ပဏီဟာ အခြေခံ လူသုံးလျှပ်စစ်ပစ္စည်းတွေကနေ လေယာဉ်ပျံ အင်ဂျင်တွေ၊ တာဘိုင်စက်တွေအထိ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။