မြန်မာ့တရားရေး ပိုပြီးပျက်စီးလာနေ

မြန်မာပြည်ရဲ့အပြောင်းအလဲကာလ တရားစီရင်မှု တစ်ချို့မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လှည့်ဖျားခဲ့တာတွေ ရှိနေတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုမှာ တရားရုံးနဲ့ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေကြောင်းအရ မှားယွင်းတာ ရှိနေတယ်လို့ AHRC ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

အလားတူပဲ ရန်ကုန်မှာ နာမည်ကြီး လူသတ်မှုတစ်ခု ဖြစ်တဲ့ ဆေးရုံကားမောင်းသူ ကိုတင်မောင်ဆွေကို အများပြည်သူရှေ့မှောက် လူတစ်စုက မသေမချင်း၊ ရိုက်နှက်သတ်ဖြတ်တဲ့အမှုနဲ့ပတ်သက်ပြီးတော့လည်း ဦးမင်းလွင်ဦး က- "ဒီအမှုဟာ အများပြည်သူရှေ့မှောက် ကျူးလွန်တဲ့ လူသတ်မှု ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်ကို ထိတ်လန့်အောင် လုပ်ခဲ့တာကြောင့် အမြင့်ဆုံး အပြစ်ဒဏ်ချမှတ်ရမယ့်အစား တရားခံတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ၇ နှစ်လောက်စီပဲ စီရင်ချက်ချတာကို ကြည့်မယ်ဆိုရင် ငွေများတရားနိုင် ဖြစ်နေတယ်" လ့ို ဦးမင်းလွင်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာကိုယ်စားလှယ် တင်ပြခဲ့တဲ့ အစိုးရရဲ့ လူ့အခွင့်အရေး ကာကွယ်ရေး ဆောင်ရွက်ချက် အဆင့် ၉ ဆင့်မှာ တရားဥပဒေ စိုးမိုးရေးအဆင့်ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။