ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးက သတင်းစာဆရာတွေရဲ့ ပြည်လုံးကျွတ် ညီလာခံမှာ အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး၊ ဒီအသင်းဟာ အစိုးရရဲ့ စွက်ဖက်မှုကင်းပြီး သတင်းလွတ်လပ်ခွင့် အတွက် အဓိက ဆောင်ရွက်သွားမယ့် အဖွဲ့အစည်း ဖြစ်တယ်လို့ အသင်းရဲ့ ဥက္ကဋ္ဌ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံ သတင်းစာဆရာအသင်း သီးခြားအနေနဲ့ မရှိခဲ့တာ ကြာပြီ။ အနှစ် ၄၀ ကျော် ၅၀ ပေါ့နော်။ အဲဒါကြောင့် ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး ကျင်းပပြီးတော့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း စတင်းတည်ထောင်တဲ့ ပွဲပါပဲ။ ပြည်တွင်းမှာရှိတဲ့ သတင်းစာဆရာ တော်တော်များများ ဒီမှာ စုစည်းမိတယ်။ ပိုပြီးတော့ ခိုင်မာတဲ့ စုစည်းမှုရှိတဲ့ အသင်းအဖွဲ့ တခုအနေနဲ့ ပိုပြီးတော့ ပြောခွင့်ဆိုခွင့် ရှိလာမယ်။ အသင်းကို ကိုယ်စားပြုပြီးတော့ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေ ဖြစ်လာမယ်။ တရားဥပဒေဆိုလည်း ဥပဒေလမ်းကြောင်းအတိုင်း အမှန်အတိုင်း ဖြစ်အောင်၊ စာနယ်ဇင်းသမားတွေဘက်ကပဲ ခုခံပြီးတော့ ရပ်တည်ပြီးတော့ သွားမယ်။ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ ပေါ်လာဖို့၊ စာနယ်ဇင်းသမားတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေရှိတာ တချို့က သတင်း ပိတ်ဆို့ထားတာတွေ ရှိတယ်။ သတင်းသွားယူတဲ့အခါမှာ ရန်တွေပြုတာ ရှိတယ်။ ဒါတွေကို ကင်းလွတ်အောင်လို့ ကျနော်တို့က အရေးဆိုပေးမယ် တောင်းဆိုပေးမယ်။"
ဒီ ညီလာခံမှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ သတင်းစာ ဆရာတွေကိုလည်း သတင်း အေဂျင်စီ အလွှာ၊ အွန်လိုင်း အလွှာ၊ ရုပ်သံ အလွှာ၊ ပုံနှိပ်မီဒီယာ အလွှာ ဆိုပြီး အုပ်စုတွေ အလိုက် သတ်မှတ် ရွေးချယ်ခဲ့ပါတယ်။
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှာ ဥက္ကဋ္ဌ အဖြစ် စာရေးဆရာ မောင်ဝံသ၊ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးကိုကို (စက်မှု)၊ ဒု ဥက္ကဋ္ဌ (၂) အဖြစ် ဦးသီဟစော၊ ဒု ဥက္ကဌ (၃) အဖြစ် ဦးဝင်းငြိမ်း တို့ကို ပြည်နယ်နဲ့ တိုင်းအသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ် (၁၃၀) ကျော်က မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း သြဂုတ်လ (၉) ရက် နေ့စွဲနဲ့ အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေထဲက အချို့အချက်တွေကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအချက်တွေကို ပြင်ဆင် ပြောင်းလဲခြင်း မပြုဘူးဆိုရင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းကို ကိုယ်စားပြုသူတွေ အနေနဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်းကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
