ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

2012.05.05
migrant_passport_305_z.jpg မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုး ကုန်ကျငွေကို လုပ်အားခထဲကနေ တလ ၄၀၀၀ ဖြတ်ခဲ့တာမှာ ပြည့်ပြီးခဲ့ပေမယ့် အခုအချိန်အထိ ပတ်စ်ပို့ကို လုပ်ငန်းရှင်က ထုတ်မပေးပဲ နေတာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ရဲကစစ်လို့ ပတ်စပို့ မိတ္တူပဲ ပြနိုင်တဲ့အတွက် တခါဖမ်းရင် ဘတ်ငွေ (၅၀၀) ပေးရနေရတာကြောင့် မနေ့ကတည်းကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုတင်လင်းစိုးက အခုလိုပြောပါတယ်။

“စာချုပ်ထဲက အတိုင်းလည်း မဖြတ်ဘူး။ ကျွန်တော်တို့ကို ဒီမှာ သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တယ်။ တလ ၄၀၀၀ နူန်း ပေးလိုက်တယ်။ သူဌေးကပြောတယ်ခင်ဗျ။ ပတ်စပို့ဖိုး ၁၂၅၀၀ ဖြတ်မယ်။ ၄ လနဲ့ အကြေဖြတ်မယ်။ ၁၅ ရက် တပတ်ကို ၂၀၀၀ ပေါ့။ သူကအဲလို ပတ်စပို့ပေးကိုင်မယ်။ သူကိုယ်တိုင်က ပြောခဲ့တာ။ ကျွန်တော်တို့လည်း ကြိုးစားပြီး လုပ်ခဲ့တယ်ပေါ့နော်။ ပတ်စပို့ ရမှာဆိုတော့ တအားပျော်တယ်ပေါ့နော်။ ဒါပေမယ့်လို့ သူက သူပြောတဲ့ ကတိအတိုင်းလည်း ဖြစ်မလာဘူး ပတ်စပို့လည်း ပေးမကိုင်တော့ဘူး ”

အလုပ်သမားတွေကို ပတ်စပို့်ဖိုး ဘတ်ငွေ ၁၂၅၀၀ ကုန်ကျမယ်ဆိုပြီး ကော့သောင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ ရက်ကတည်းက စာချုပ်ချုပ် ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေဟာ ၁၅ ရက် တပတ်အတွက် ဘတ်ငွေ ၂၀၀၀ စီကို ကျေအောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မနေ့ကတော့ ဖူးချွေကမ်းလို့ခေါ်တဲ့ မန်နေဂျာ ရောက်လာပြီး ပတ်စပို့လိုချင်ရင် ပိုက်ဆံထပ်ပေးရမယ်လို့ ပြောဆိုခဲ့ပြီး ဒီကနေ့မှာတော့ အလုပ်ကြပ်တယောက်က အလုပ်မဆင်းရင် ရဲနဲ့ဖမ်းခိုင်းမယ်လို့ အလုပ်ရှင်က ပြောခိုင်းကြောင်း အလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“မနေ့က ဖူးချွေကမ်းက လာပြန်ပြောတယ်။ ပတ်စပို့လိုချင်ရင် ပိုက်ဆံနောက်ထပ် ၆၇၆၀ ထပ်ပေးရမယ်တဲ့။ အဲဒါဆို ပတ်စပို့ပေးမယ်တဲ့။ ကျွန်တော်တို့က ဖမ်းရင်တော့ တအုပ်လုံး လိုက်သွားမှာပဲ။ လိုက်သွားပြီးတော့ ဖြစ်ပျက်သမျှကိစ္စ အဲဒီမှာပဲ ထပ်ရှင်းရမှာပဲ”

စာချုပ်ပါအတိုင်း အလုပ်သမားတွေရဲ့ နစ်နာကြေးလည်း မပေးကြောင်း သူတို့ လုပ်ဖော်ကိုင်ဘက်တယောက် ကြုံတွေ့ရပုံကိုလည်း ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“လူတယောက် လက်တွေ ခြေထောက်တွေ ထိခိုက်ဒဏ်ရာရလို့ရှိရင် စာချုပ်ထဲမှာ လျှော်ကြေးရမယ်။ လက်တဆစ်ဆို ၁သိန်းရမယ်။ အခုကျွန်တော်တို့ထဲက ဗမာထဲက လူတယောက်က လက် ၃ ချောင်း ပြတ်ထားတယ်။ လျှော်ကြေးတခုမှ မရဘူး။ သူတို့ လျစ်လျူရှုထားတယ်”

အလုပ်မဆင်းတဲ့ရက်ဆိုရင် (၂) ရက်စာ လုပ်အားခ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။