နှစ်သစ်ကူး သြင်္ကန်ပွဲ ဝါရှင်တန်ဒီစီမှာ ကျင်းပ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တဝိုက် နေထိုင်တဲ့ မြန်မာတွေရဲ့ စုပေါင်း နှစ်သစ်ကူးပွဲနဲ့ သိမ်သစ်ဖွင့်ပွဲကို ကို မေရီလန်းပြည်နယ်က မင်္ဂလာရာမကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။

နှစ်သစ်ကူးပွဲနှင့်အတူ မင်္ဂလာရာမ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကိုလည်း ပြုလုပ်ပါတယ်။ အခမ်းအနားကို ကြွရောက်လာတဲ့ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ သြဝါဒစရိယ ဆရာတော်ကြီး ဦးဇဋိလ ကလည်း နှစ်သစ်မင်္ဂလာ မဟာသြင်္ကန်ကာလမှာ မြန်မာပြည်သူ ပြည်သားတွေကို ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်။

သြင်္ကန်ပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုတော့ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ စတုဒိတာ ကျွေးမွေးဧည့်ခံပြီး အဆိုတော် မီမီဝင်းဖေအပါအဝင် မြန်မာ-အမေရိကန် ကလေးလူငယ်တွေရဲ့ သြင်္ကန်ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ပြည်ပကို ရောက်ရှိနေကြပေမယ့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ သြင်္ကန်ပွဲတော်တွေကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့မှာ ကျင်းပနေပြီး မနေ့က အင်ဒီယားနားပြည်နယ် ဖိုဒ်ဝိန်းမြို့မှာလည်း စုပေါင်းပြီး သြင်္ကန် အခမ်းအနား ကျင်းပခဲ့ပါတယ်။