မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ

နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုးအတွက် ပေးချေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။