ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖင်လန်အစိုးရရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Kimmo Kil-junen ဟာ မြန်မာနိုင်ငံနဲ့ ထိုင်း၊ မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဇွန်လ ပထမပတ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီ ဆွေးနွေးပွဲကို မြန်မာအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျွမ်းကျင်သူတွေနဲ့ ငြိမ်းချမ်းရေးသုတေသန လုပ်ဆောင်နေသူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။