ထိုင်းနိုင်ငံက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းဘုရင်မွေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဘန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးကနေတဆင့် ထိုင်းအစိုးရထံ မေတ္တာရပ်ခံထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော ်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ထိုင်းနိုင်ငံအကျဉ်းထောင်တွေမှာရှိတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေ လွှတ်ပေးရေးအတွက် အစိုးရကဆောင်ရွက်နေတဲ့ အခြေအနေကို မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အခုလို ထည့်သွင်းဖြေကြားသွားတာပါ။
“ထိုင်းနိုင်ငံရဲ့ အစဉ်အလာအရ ထိုင်းဘုရင်ရဲ့ မိဖုရားတို့ရဲ့ မွေးနေ့အခါသမယဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့နဲ့ သြဂုတ်လ ၁၂ ရက်တို့မှာ ထိုင်းလူမျိုးများအပါအဝင် ထိုင်းနိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်များမှာ ပြစ်ဒဏ်အသီးသီးကျခံနေသူများကိုလည်း ပြစ်ဒဏ်လျော့ပေါ့ခြင်းများနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများအား အခါအားလျော်စွာ ပြုလုပ်ပေးလျှက်ရှိပါတယ်၊ သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့မှာ မြန်မာနိုင်ငံသား အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးအနေနဲ့ ထိုင်းနိုင်ငံဌာနအသီးသီးကို အကြောင်းကြား မေတ္တာရပ်ခံထားပါတယ်”
ဒါ့အပြင် ထိုင်းအစိုးရနဲ့ မြန်မာအစိုးရအကြား နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့အစီအစဉ် မရှိသေးကြောင်း ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား စုစုပေါင်း သုံးထောင်ကျော်ရှိတယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီးက ခန့်မှန်းပြောကြားခဲ့ပါတယ်။