မြန်မာ့ဒီမိုကရေစီရေး ညီလာခံ ဖို့တ်ဝိန်းမြို့မှာ ကျင်းပ

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ရှိတဲ့ အင်ဒီယားနားတက္ကသိုလ်-ပါဂျူး တက္ကသိုလ်ရဲ့ ကူညီ ထောက်ပံ့မှုအရ မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တရပ်ကို အင်ဒီယားနား တက္ကသိုလ်မှာ မတ်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ကြာ ကျင်းပနေပါတယ်။

2011.03.06

ဒီ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို သတင်းစကား ပေးပို့ခဲ့ရာမှာ မဆုတ်မနစ် တာဝန်ယူမှုနဲ့ ညီညွတ်မှုရှိမယ်ဆိုရင် အောင်မြင်မှုရရှိဖို့ ပိုပြီး နီးစပ်လာမှာဖြစ်တယ်လို့ ပြောကြောင်း သိရပါတယ်။

ညီလာခံ ပထမနေ့မှာ- စစ်အစိုးရအပေါ် နိုင်ငံတကာဖိအားတွေ တိုးလာရေးနဲ့ ဒီမိုရေစီရေးအတွက် နိုင်ငံတကာ ရန်ပုံငွေထူထောင်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ညီလာခံကျင်းပရေး ကော်မတီဝင်တဦးဖြစ်သူ ကိုငြိမ်းချမ်းဝေက ပြောပါတယ်။

“ပထမနေ့အစီအစဉ်မှာ ရန်ပုံငွေ ထူထောင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အပြည်ပြည်ဆိုင်ရာ ဖိအားရရှိရေး၊ ရှစ်လေးလုံးမျိုးဆက်တွေရဲ့ အခန်းကဏ္ဍာကို ဘယ်လို ကျယ်ပြန့်ကြီးမားအောင် လုပ်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်”

အဲဒီညီလာခံမှာ အင်ဒီယားနားတက္ကသိုလ်နဲ့ ပါဂျူး တက္ကသိုလ် ၂ ခု ပေါင်းထားတဲ့ IPFW တက္ကသိုလ်က ကရင် တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာကို National Equality အမျိုးသား တန်းတူညီမျှရေးဆု ချီးမြှင့်ခဲ့ကြောင်းလည်း သိရပါတယ်။

ဖဒိုမန်းရှာကို ဆုချီးမြှင့်လိုက်တာနဲ့ပတ်သက်ပြီး အဲဒီညီလာခံမှာတက်ရောက်နေတဲ့ သားဖြစ်သူ (ဆလုံဖန်း)ကို RFAက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ကျနော့်အဖေကို ဒီဆုပေးတာ ဝမ်းသာပါတယ်။ သူ့လုပ်ဖော်ကိုင်ဘက်တွေ အများကြီးရှိတယ်။ သူတို့က သူ့ကို မမေ့ကြပါဘူး။ မြန်မာပြည်ကို ဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေချင်တဲ့ သူ့ဆန္ဒအတိုင်း သူသေသွားပေမယ့် သူ့လုပ်ဖော်ကိုင်ဘက်တွေက ဆက်လုပ်ကြမှာပါ။ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက်ပေါ့”

ဖို့ဝိန်းမြို့က ညီလာခံကို အမေရိကန်၊ ကနေဒါ၊ ဂျာမဏီ၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်ပေါင်း ၁၂ဝ နီးပါး တက်ရောက်ကြောင်း သိရပါတယ်။

ဒီညီလာခံနဲ့ပတ်သက်ပြီး ညီလာခံ ကျင်းပရေးကော်မတီဝင် ကိုငြိမ်းချမ်းဝေကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။