ရွေးကောက်ပွဲမတိုင်ခင် အကျဉ်းသား ၁ သောင်းကျော် လွတ်ဖို့ရှိ

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင်ကို လွှတ်ပေးဖို့ရှိကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ် တစောင်ကို ကိုးကားပြီး ဂျာမန်သတင်းဌာန DPA က ရေးသားလိုက်ပါတယ်။

2010.10.10
Insein_prison_wall_305_z နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP

အကျဉ်းသား ၃ ထောင်ကျော်ကို လက်ရှိ ကျခံနေရတဲ့ ပြစ်ဒဏ်တွေကနေ လျှော့ပေ့ါပြီး လွှတ်ပေးမှာဖြစ်သလို ၈ ထောင်လောက်က လွတ်ရက်စေ့လို့ လွတ်လာမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန အရာရှိတဦးကို ကိုးကားပြီး  ဒီကနေ့ထုတ် Myanmar Times သတင်းဂျာနယ်မှာ ရေးသားထားပါတယ်။

လွတ်မြောက်လာသူတွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရကြမှာဖြစ်ကြောင်းနဲ့  သူတို့ကို မဲပေးခွင့်ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားကြောင်း အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန  အရာရှိတဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်၊၊

ဒီသတင်းနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမှန်တကယ် ပြန်လွှတ်ပေးမယ်ဆိုရင်တော့ ကြိုဆိုရမှာဖြစ်ကြောင်း ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်၊၊

“အမှန်ကတော့ ဒီအကျဉ်းသား ၁ သောင်း ၁ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံး ပါအောင် လွှတ်ပေးရင်တော့ နတ်လူသာဓု ခေါ်မှာပဲလေ။ ရာဇဝတ်မှုနဲ့ ကျတဲ့သူတွေပဲ လွှတ်ပြီးတော့ နိုင်ငံရေးသမား နှစ်ယောက် သုံးယောက်ပဲ ပါတယ်ဆိုရင်တော့ ဒါ သိပ်အဓိပ္ပါယ် မရှိဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ အစရှိတဲ့ နိုင်ငံရေးသမား အားလုံးရော၊ ကျန်တဲ့သူတွေရော လွှတ်ပေးနိုင်ရင်တော့ ပိုပြီးတော့ နတ်လူသာဓု ခေါ်ဖို့ အကြောင်းရှိပါတယ်။ အဲဒါမျိုးကျတော့ အဘတု့ိကလည်း ကြိုဆိုပါတယ်။ အဲဒီတော့ လွှတ်မယ့်အထဲမှာ နိုင်ငံရေးသမားတွေပါ အားလုံး ရောလွှတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”

ဒါပေမယ့် လွှတ်ပေးမယ့်သူတွေရဲ့ အမည်စာရင်းကို မထုတ်ပြန်သေးတဲ့အတွက် ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ပါမပါဆိုတာ မသိနိုင်ဘူးလို့ DPA သတင်းက ရေးသားပါတယ်၊၊

မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၃ ခုနဲ့ရဲဘက်စခန်း ၁၀၀ ရှိပြီး အကျဉ်းသား ၅ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင့် ၂ ရာကျော် အကျဉ်းကျနေပါတယ်။ ဒါပေမယ့် DPA သတင်းမှာတော့ နိုင်ငံရေးအကျဉ်းသား ၃ ထောင့် ၂ ရာ ရှိတယ်လို့ ဖော်ပြထားပါတယ်၊၊

ဒီအကြောင်း ပြည်တွင်း နိုင်ငံရေးလောကက ခေါင်းဆောင်တချို့ကို ဆက်သွယ်ပြီး ဒေါ်ခင်ခင်အိ စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။