အင်ဒိုနီးရှားက မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေ နောက်ထပ်ဖမ်းမိ


2013.05.08

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ နဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ယူဆရသူတွေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့တို့ မနေ့ က အပြန်အလှန် ပစ်ခတ်ခဲ့ကြရမှာ အကြမ်းဖက်သမား ၃ ယောက်ကို အသေမိပြီး ၁ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ အနောက်ဂျာဗားခရိုင် ဘန်ဒေါင်းမြို့စွန် စပါးခင်းတွေ ကြားက အိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ အကြမ်းဖက်သမားတွေ က လက်နက်မချဘဲ ပြန်လည် ခုခံခဲ့ကြတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေက လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲချုပ်က ပြောပါတယ်။

အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗှုံး သုံးစွဲတိုက်ခိုက်ခဲ့ရာမှာ အိမ်ထဲက ထွက်ပြေး လာသူ အသက် (၂၅) နှစ်အရွယ် လူတစ်ယောက်ကို ဦးဆုံးဖမ်းဆီးမိပြီး၊ ကျန်သုံးယောက်ကို အသေရမိခဲ့တာ ဖြစ်ပါတယ်။

နေအိမ်ထဲက သေနတ်သုံးလက်နဲ့ ကျည်ဆန် (၂၈၀) သိမ်းဆည်းမိခဲ့ကြောင်း၊ အဲဒီ အကြမ်းဖက်သမားတွေဟာ အင်ဒိုနီးရှားတပြည်လုံးမှာဖြန့်ကျက်ထားတဲ့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင်တွေဖြစ်မယ်လို့ ယုံကြည်ရ ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ က ပြောပါတယ်။ မနက် (၁၁) နာရီခွဲလောက်က စပြီး (၇) နာရီ နီးပါး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြပုံကို ရုပ်မြင်သံကြား ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂျကာတာမြို့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူနှစ်ဦးကို လက်လုပ်ဗုံး တွေနဲ့ အတူ ရဲ က ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ဟာ နောက်တစ်နေ့ သောကြာနေ့မှာ မြန်မာ သံရုံးကို ဗုံးခွဲဖို့စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်သမားတွေဟာ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက အဲဒီအိမ်ကို ငှားရမ်းအသုံးပြုနေခဲ့ပြီး အခုစီးနင်းဝင်ရောက်ဖမ်းဆီးတဲ့အခါ ပြန်ပြီးခုခံတဲ့အတွက် ပစ်ခတ်နှိမ်နင်းခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။